နယူးယောက်တိုင်းမ်သတင်းစာကြီး၏ အရောင်းရဆုံးစာရေးဆရာစာရင်းတွင် ၁၇ ကြိမ်ဆက်တိုက် ရပ်တည်ခဲ့သည့် စာရေးဆရာမ အိုင်းရစ် ဂျိုဟန်ဆန်သည် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရှိ သူမ၏ နေအိမ်ကို ကြမ်းခင်းဈေး ကန်ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျိုဟန်ဆန်သည် အချစ်ဝတ္ထုနှင့် မှုခင်းအခြေခံဝတ္ထုပေါင်း ၁၀၀ နီးပါးခန့် ရေးသားခဲ့သူ ဖြစ်သည်။
လေလံတင်ရောင်းချမည့်နေအိမ်မှာ ဂျော်ဂျီယာပြည်နယ် အနောက်မြောက်ဘက်တွင် တည်ရှိပြီး Sundance Estate ဟု အမည်ပေးထားကာ ခြံဝန်းအကျယ်မှာ ၁၂၆ ဧကအထိ ကျယ်ဝန်းသော ခြံဝန်းကျယ်ကြီး ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ယခုအခါ လာမည့် သြဂုတ်လ
၂၉ ရက်တွင် လေလံတင်ရောင်းချရန် စီစဉ်ထားသည်။
“ကျွန်မရဲ့ ဒီအိပ်မက်နေအိမ်ကြီးကို မိသားစုနဲ့အတူနေထိုင်ဖို့ မျှော်လင့်ချက်နဲ့အတူ ဆောက်လုပ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ အိပ်မက်တွေ ၊ စီမံကိန်းတွေ ပြောင်းလဲသွားပါပြီ” ဟု အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်သည့် မစ္စက် ဂျိုဟန်ဆန်က ပြောကြားသည်။
“ကျွန်မရဲ့ မိသားစုဝင်တွေမှာ ကိုယ်စီရည်မှန်းချက်၊ အိပ်မက်တွေရှိနေကြတော့ သူတို့နဲ့ နီးနီးနားနားကို ရွှေ့ပြောင်းနေထိုင်နိုင်ဖို့အတွက် ရောင်းချဖို့ဆုံးဖြတ်လိုက်တာပါ” ဟုလည်း ဂျိုဟန်ဆန်က ဆက်လက်ပြောကြားသည်။မစ္စက် ဂျိုဟန်ဆန်သည် ပင်မနေအိမ်ကြီးကို ဆောက်လုပ်နေစဉ်ကာလကပင် စတင်နေထိုင်ခဲ့သည်။
အဆိုပါ နေအိမ်ကို ၆ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့သည်။
မစ္စက် ဂျိုဟန်ဆန်သည် ယင်းခြံဝန်းကို ၂၀၀၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အတ္တလန္တာနှင့် ဂျော်ဂျီယာမြို့ကြီးနှစ်မြို့အကြားတွင် တည်ရှိကာ နှစ်မြို့လုံးသို့ မော်တော်ကားခရီးဖြင့် ၄၅ မိနစ်ခန့်အကွာတွင်တည်ရှိသည်။
ပင်မနေအိမ်တွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ မီးဖိုဆောင် ၂ ခု၊ ထိုင်ခုံ ၂၁ ခုပါ ရုပ်ရှင်ရုံ၊ မီးလင်းဖို ၁၄ ခု၊ ဓာတ်လှေကားတစ်ခုနှင့် စာကြည့်တိုက်တို့ ပါဝင်သည်။
ဂျိုဟန်ဆန်သည် ကလေးများ ကောလိပ်တက်ရောက်စဉ်ကာလတွင် စတင်စာရေးသားခဲ့သည်။၁၉၈၀ ပြည့်လွန်ကာလများအတွင်း စတင်စာရေးခဲ့ခြင်းဖြစ်ပြီး အချစ်ဝတ္ထုများဖြစ်သည်။နောက်ပိုင်း
၁၉၉၆ ခုနှစ်တွင် မှုခင်းအခြေခံဝတ္ထုများသို့ လိုင်းပြောင်းလိုက်ပြီးနောက် အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)