နေထိုင်စရိတ်ကြီးမားတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ အိမ်ခြံမြေတိုက်ခန်းပိုင်ဆိုင်နိုငဖို့က သာမန်လူတန်းသားတွေအတွက် အိမ်မက်တစ်ခုဖြစ်ပါတယ် ။ ရန်ကုန်မြို့ရဲ့ လူဦးရေမှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ရှိပြီး ထက်ဝက်က အိမ်ငှားမိသားစုတွေဖြစ်ကြတယ် ။
‘ရန်ကုန်မြို့ကြီးမှာ ရှာဖွေစားသောက်မှုက ထိုက်သင့်သလောက်လွယ်ကူပေမဲ့ နေထိုင်မှုက အခက်အခဲတစ်ခုဖြစ်ပါတယ်’ လို့ အိမ်ခြံမြေအကျိုးဆောင် ကိုသူရက ပြောပါတယ် ။
လူလတ်တန်းစားသာ လက်လှမ်းမီ
သည်နှစ် မေလမှာ ပြည်တွင်းပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ရိုးမဘဏ်က အိမ်ရာချေးငွေဝန်ဆောင်မှုအသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ် ။ နေစရာနေရာတစ်ခုပိုင်ဆိုင်နိုင်ရေး အိပ်မက်နေသူတွေအတွက် အားတက်စရာ ဝန်ဆောင်မှုဖြစ်ပါတယ် ။ ဒါပေမဲ့ ရိုးမဘဏ်ရဲ့ အိမ်ရာချေးငွေလိုအပ်ချက် ၊ ကန့်သတ်ချက်တွေက စုဆောင်းငွေနည်းပါးပြီးတော့ ဝင်ငွေအသင့်အတင့်ရှိသူတွေအတွက် လက်လှမ်းမမီနိုင်ဘူး ဖြစ်နေပါတယ် ။
အဲသည်ချေးငွေရလိုသူတွေဟာ အနည်းဆုံး ကျပ်သိန်း ၅၀၀ တန်ဖိုးရှိတဲ့ တိုက်ခန်း ၊ ကျပ်သိန်း ၇၀၀ တန်ဖိုးရှိတဲ့ ကွန်ဒိုတွေနဲ့ လုံးချင်းအိမ်တွေကို ဝယ်ယူရမှာ ဖြစ်ပြီး ဝယ်ယူရမယ့် တိုက်ခန်း ၊ ကွန်ဒိုရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကို ချေးငွေရယူသူက လက်ငင်းပေးချေရမှာဖြစ်တယ် ။ ဒါကြောင့် ချေးငွေရယူလိုသူရဲ့ လစဉ်ဝင်ငွေမှာ အနည်းဆုံး ကျပ် ၁၀ သိန်း ခန့် ရမှာဖြစ်ပါတယ် ။
ဘဏ်နှစ်ဘဏ်သာရှိ
နှစ်ရှည်အိမ်ရာချေးငွေနဲ့ ပတ်သက်ရင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank) နဲ့ ပုဂ္ဂလိကပိုင် ရိုးမဘဏ်နှစ်ခုတည်းကသာ အကောင်အထည်ဖော်နိုင်ပါသေးတယ် ။ ဒါပေမဲ့ ရိုးမဘဏ်ရဲ့ နှစ်ရှည်ချေးငွေမှာလည်း လူတိုင်းအတွက် မဖြစ်နိုင်ဘဲ ငွေကြေးတတ်နိုင်တဲ့ လူလတ်တန်းစားတွေသာ တတ်နိုင်တဲ့ ချေးငွေပမာဏ ဖြစ်ပါတယ် ။
‘ပိုက်ဆံရှိတဲ့လူတန်းစားတွေကိုပဲ အခြေခံနေသေးတော့ ဒီအိမ်ရာချေးငွေက အဆင်မပြေနိုင်သေးပါဘူး ၊ အောက်ခြေလူတန်းစားအထိ ဆင်းနိုင်ရမယ် ၊ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်လုပ်မှ သူတို့လဲ ပိုအကျိုးရှိမှာပါ’လို့ ရိုးမဘဏ်အိမ်ရာချေးငွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့သူ ဒေါ်ယုယုထွန်းက ပြောပါတယ် ။
ရိုးမဘဏ်က နှစ်ရှည်အိမ်ရာချေးငွေကို စပြီး ဝန်ဆောင်မှုပေးလာနိုင်ပေမဲ့ ကျန်တဲ့ သက်တမ်းရင့်ဘဏ်တွေက နှစ်ရှည်အိမ်ရာချေးငွေကို မပေးနိုင်သေးပါဘူး ။
ပြည်တွင်းပုဂ္ဂလိကဘဏ်တွေထဲမှာ ဘဏ်ခွဲနဲ့ပိုင်ဆိုင်မှုအများဆုံးဖြစ်တဲ့ ကမ္ဘောဇဘဏ်က တိုက်ခန်း ၊ ကွန်ဒိုတွေကို အငှားယူစနစ်နဲ့ ချေးငွေထုတ်ချေးပေးနိုင်ပြီး ချေးငွေသက်တမ်းဟာလည်း ငါးနှစ်အများဆုံးဖြစ်ပါတယ် ။
ကမ္ဘောဇဘဏ်ရဲ့ အငှားဝယ်ယူစနစ်နဲ့ ဝယ်မယ်ဆိုရင် တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို လက်ငင်းငွေချေရမှာဖြစ်ပြီး တိုက်ခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို ဘဏ်ဝန်ဆောင်ခအဖြစ် ပေးရမှာဖြစ်တယ်လို့ သိရပါတယ် ။
ဘဏ်တွေရဲ့ အခက်အခဲ
မြန်မာနိုင်ငံမှာက နှစ်ရှည်အိမ်ရာချေးငွေ အကောင်အထည်ဖော်နိုင်ဖို့ ဘဏ်တွေမှာ အခက်အခဲရှိနေပါတယ် ။
ပြည်တွင်းဘဏ်တွေမှာက ပြည်သူတွေက အပ်နှံထားတဲ့ ငွေတွေနဲ့ ချေးငွေ ထုတ်ချေးနေတာဖြစ်တဲ့အတွက် အဲသည်အပ်နှံငွေတွေကို အချိန်မရွှေးပြန်ထုတ်ယူနိုင်တဲ့ ရေတိုအပ်နှံငွေတွေဖြစ်နေပြီး ဒါက နှစ်ရှည်ချေးငွေ ထုတ်မချေးနိုင်တဲ့ အဓိက အခက်အခဲဖြစ်တယ်။
‘နိုင်ငံတကာမှာလို နှစ်ရှည်ချေးငွေပေးနိုင်ဖို့ဆိုတာ ဘဏ်မှာရေရှည်တည်တံ့တဲ့ ဘဏ္ဍာငွေတစ်ရပ် သီးသန့်လိုပါတယ် ၊ အခုက ကျွန်တော်တို့ဆီမှာ အများပြည်သူက အပ်ထားတဲ့ရေတိုအပ်နှံငွေပဲရှိတယ် ၊ ဒီငွေတွေကို နှစ်ရှည်ချေးငွေ ထုတ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး’ လို့ သမဝါယမဘဏ်က အသေးစား ၊ အလတ်စားလုပ်ငန်းတွေ ချေးငွေထုတ်ပေးရေးဌာနက တာဝန်ခံ ဦးစောဒီနိုကူးက ပြောပါတယ် ။
ပြည်သူတွေနေစရာအတွက် စိတ်မပူရအောင် လုပ်နိုင်မယ့်နည်းနှစ်နည်းရှိပြီး တစ်နည်းက ဈေးသက်သက်သာသာနဲ့ အိမ်ငှားလို့ရအောင် လုပ်ပေးတာနဲ့ နိုင်ငံတကာမှာလို နှစ်ရှည်နဲ့ ငှားနိုင်အောင် ဘဏ္ဍာငွေထောက်ပံ့တာဖြစ်တယ် ။ သည်နှစ်ခုစလုံးက အစိုးရရဲ့ ချေးငွေလိုအပ်တယ်လို့ ဦးစောဒီနိုကူးက ပြောပါတယ် ။
Credit: The Modern