မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC သည် ယခု ၂ဝ၁၇–၁၈ ဘဏ္ဍာနှစ် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို 'ကန်'ဒေါ်လာခြောက် ဘီလျံ လျာထား သည်။
ယခုဘဏ္ဍာနှစ် ဇူလိုင် ၁၁ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် 'ကန်'ဒေါ်လာ ၂ ဒသမ ၇ ဘီလျံကျော် ဝင်ရောက်ထားသည်။ ထို့အတူ သီလဝါအထူးစီးပွားရေးဇုန်တွင် 'ကန်'ဒေါ်လာ၁၂၇ သန်းကျော် အသစ်ထပ်မံဝင်ရောက်ထားခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းအဟောင်းများက 'ကန်'ဒေါ်လာ၂၂၁ သန်း ကျော်ထပ်မံတိုးမြှင့် ရင်းနှီးမြှုပ်နှံထားခြင်းများလည်း ရှိနေသည်။
ထို့အတွက် ယခုဘဏ္ဍာနှစ် လေးလမပြည့်မီ ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် 'ကန်'ဒေါ်လာ ၃ ဒသမ ၁ ဘီလျံကျော်ရှိနေပြီဖြစ်သည်။ ၄င်းပမာဏသည် ယခုဘဏ္ဍာနှစ်အတွင်း ဝင်ရောက်ရန်လျာထားသော ပမာဏ၏ ၅ဝ ရာခိုင်နှုန်း ဖြစ်သည်။
'' လက်ရှိလေးလတာ အနေအထားမှာ ကန်ဒေါ်လာသုံးဘီလျံကို ရထားပြီ ဖြစ် တဲ့အတွက် လျာထားချက်က ပြည့်သွားမှာပါ။ ဘဏ္ဍာနှစ်ကုန်ဖို့ကလည်း ရှစ်လလောက်ကျန်နေသေးတော့ အများကြီး အလားအလာ ရှိပါတယ်။ လျာထားချက်ရဲ့ ဘယ်လောက်ကို ကျော်သွားမယ်ဆိုတာကိုသာ မမှန်းနိုင်တာဖြစ်ပါတယ်''ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု
ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့်က ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ၂ဝ၁၆–၁၇ ဘဏ္ဍာနှစ်တွင် ၂ဝ၁၅–၁၆ ဘဏ္ဍာနှစ်အောက် 'ကန်'ဒေါ်လာ သုံးဘီလျံနီးပါး ကျဆင်းခဲ့သည်။ ဦးသိန်းစိန် အစိုးရ၏ တာဝန်ယူမှု နောက်ဆုံးသက်တမ်းဖြစ်သော ၂ဝ၁၅–၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် 'ကန်'ဒေါ်လာ ၉ ဒသမ ၄၈ ဘီလျံအထိ ဝင်ရောက်ခဲ့သည်။ ယခုအစိုးရ တာဝန်ယူစ ၂ဝ၁၆–၁၇ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၆၄ ဘီလျံသာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်
ခန့်မှန်လျာထားချက်ဖြစ်သည့် ခြောက်ဘီလျံ မျှော်မှန်းချက်ကိုမူ ပြည့်မီခဲ့သည်။
ယခု ၂ဝ၁၇–၁၈ ဘဏ္ဍာနှစ်တွင် လေးလအတွင်း လျာထားချက်၏၅ဝ ရာခိုင်နှုန်းအထိ ရှိလာနေခြင်းက အစိုးရသစ်အတွက် အလားအလာကောင်း တစ်ရပ်သို့ ချဉ်းကပ်လာနိုင်ခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍနှင့် နိုင်ငံများ
နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုများအရဆိုပါက စစ်အစိုးရ နောက်ဆုံး တာဝန်ယူခဲ့သည့် ၂ဝ၁ဝ–၁၁ ဘဏ္ဍာနှစ် သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံး စံချိန်တင်နှစ် ဟုဆိုရမည်။ ထိုနှစ်က စစ်အစိုးရနှင့် ဦးသိန်းစိန် အစိုးရတို့ကြား အကူးအပြောင်းကာလ နှစ်လည်းဖြစ်သည်။ ၄င်းဘဏ္ဍာနှစ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည်'ကန်'ဒေါ်လာ
၁၉ ဒသမ ၉၉၈ ဘီလျံကျော် ရှိခဲ့သည်။
ထိုခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍတွင် 'ကန်'ဒေါ်လာ ၁ဝ ဒသမ ၁၇၉ ဘီလျံ၊လျှပ်စစ်စွမ်းအင် ကဏ္ဍတွင် 'ကန်'ဒေါ်လာ ၈ ဒသမ ၂ ဘီလျံနှင့် သတ္တုတူးဖော်ရေး ကဏ္ဍတွင် ၁ ဒသမ ၃၉ ဘီလျံတို့ဖြစ်သည်။
ခွင့်ပြုပေးခဲ့သည့် နိုင်ငံများမှာ တရုတ်နိုင်ငံကို ၈ ဒသမ ၂၆၉ ဘီလျံဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟောင်ကောင်နိုင်ငံက ၅ ဒသမ ၇၉၈ ဘီလျံဖြင့် ဒုတိယအများဆုံး ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံကမူ ၂ ဒသမ ၆၇ ဘီလျံနှင့် ထိုင်းနိုင်ငံကမူ ၂ ဒသမ ၁၄ ဘီလျံဝင်ရောက်ထားခဲ့သည်။
ထိုနှစ်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သည့် နိုင်ငံများနှင့် ခွင့်ပြုကဏ္ဍ များကို ကြည့်လျှင် စစ်အစိုးရသည် အရပ်သား အစိုးရသို့အပြောင်း နောက် ဆုံးနှစ် တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ လုပ်ပိုင်ခွင့်များ ချပေးခဲ့သည်ကို တွေ့ရပြီး တရုတ်နိုင်ငံကိုလည်း ရင်းနှီးမြှုပ်နှံမှု ပမာဏအများဆုံး ပေးခဲ့သည်ကို တွေ့ ရသည်။
ထိုအချိန်က စင်ကာပူနိုင်ငံသည် 'ကန်'ဒေါ်လာ၂၂၆ သန်းသာ ဝင်ရောက်ခဲ့ သည်။
သို့သော် စင်ကာပူနိုင်ငံသည် ဦးသိန်းစိန် အစိုးရလက်ထက်ဖြစ်သော ၂ဝ၁၃–၁၄ ဘဏ္ဍာနှစ်မှ လက်ရှိအစိုးရလက်ထက်အထိကို ငါးနှစ်ကာလ အတွင်းရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်သည့် နိုင်ငံအဖြစ် ရှိလာခဲ့သည်။
တရုတ်နိုင်ငံသည် ယခင်ဝင်ရောက်ထားခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအရ'ကန်'ဒေါ်လာ
၁၉ ဘီလျံကျော်ဖြင့် မြန်မာနိုင်ငံ၏ နံပါတ်တစ် အများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ သို့သော် စင်ကာပူနိုင်ငံသည် ငါးနှစ်တာအတွင်း ၁၄ ဒသမ ၇၅၃ ဝင်ရောက်ထားနိုင်
ခဲ့သည်။ ထို့အတွက် လက်ရှိတွင် 'ကန်'ဒေါ်လာ ၁၇ ဒသမ ၄၉၅ ဘီလျံဖြင့် ဒုတိယအများဆုံးရင်းနှီးသူအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ထိုင်းနိုင်ငံကမူ 'ကန်'ဒေါ်လာ ၁ဝ ဒသမ ၉၂၉ ဘီလျံဖြင့် တတိယအများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သည်။
ဥပဒေသစ်မူနှင့် တိုးလာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာက စတင်ပြဋ္ဌာန်းခဲ့သည်။ သို့ရာတွင် ၄င်းဥပဒေသစ်နှင့်အညီ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းကို ယခု ဇူလိုင်လမှ စတင်လုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။
ဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်လုပ်ငန်းများက ခွင့်ပြုခြင်းကိုလည်း မကြာမီ စတင်ဆောင်ရွက်
လာတော့မည်ဖြစ်သည်။ ၄င်းအချက်သည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ပိုမိုလွယ်ကူလာစေနိုင်သည့်အချက်ဖြစ်ခြင်းကြောင့် ယခုဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် လာစေမည့် အလားအလာကောင်းများအဖြစ် ရှိနေခြင်းဖြစ်သည်။
''မကြာခင်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ခွင့်ပြုမိန့်ပေးနိုင်တာနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွေကို လုပ်ပိုင်ခွင့်ကို ပေးတော့မှာပါ။ အဲဒီအတွက်လည်း တရားဝင်ထုတ်ပြန်ကြေညာချက်တွေ မကြာခင်လုပ်တော့မှာဖြစ်ပါတယ်။
ဒီလိုဖြစ်လာရင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် ပိုပြီးမြန်ဆန်လာမှာဖြစ်ပါတယ်''ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစန်းမြင့်က ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်များသည် 'ကန်'ဒေါ်လာငါးသန်းအထိနှင့် ကျပ်ငွေ ခြောက်ဘီလျံအထိရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုမိန့် ထုတ်ပေး
နိုင်ခွင့်ရှိမည်ဖြစ်သည်။ ထို့အတူ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်၏ ပုဒ်မ ၃၆ အရ ကန့်သတ်ထားသည့် လုပ်ငန်းများမှအပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုမိန့်ထုတ်ပေးခွင့်ရှိခြင်းလည်းဖြစ်သည်။
လက်ရှိတွင်မူတွင် ကော်မရှင်အဖွဲ့အသီးသီးကို တိုင်းဒေသနှင့် ပြည်နယ် အစိုးရ တာဝန်ရှိသူများဖြင့် ပြန်လည် ဖွဲ့စည်းထားပြီးဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်၏ ပုဒ်မ ၃၆ တွင်မူ နိုင်ငံတော်အတွက် မဟာဗျူဟာကျသည့် လုပ်ငန်းများ၊ မတည်ငွေ အရင်းအနှီးကြီးမားသည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ဒေသခံ လူထုအပေါ်အကျိုးသက်ရောက်မှု ကြီးမားစေသည့် လုပ်ငန်းများ၊ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို အသုံးပြုမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် စိစစ်ရန်အတွက် နိုင်ငံတော်မှ တာဝန်ပေးအပ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုေ က်ာမရှင် ထံတွင်သာ အဆိုပြုချက် တောင်းခံလုပ်ကိုင်ရမည်ဟု သတ်မှတ်ထားသည်။
ထို့ပြင် အစိုးရအဖွဲ့သည် လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု၊ ဝန်ဆောင် မှုနှင့် စိုက်ပျိုးရေး အခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ တိရစ္ဆာန်မွေးမြူခြင်းနှင့် ရေထွက်ပစ္စည်း မွေးမြူ
ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်နိုင်မည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ ထောက်ပံ့
ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ် ငန်းခြင်း လုပ်ငန်းများနှင့် စက်မှုမြို့တော် တည်ဆောက်ခြင်း လုပ်ငန်းများကို နိုင်ငံတော်၏ ဦးစားပေး စီးပွားရေးလုပ်ငန်းများ အဖြစ် သတ်မှတ်ထားသည်။
၎င်းအချက်များသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများစွာရှိနေသဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးဝင်လာနိုင်ဖွယ် ရှိနေသည်။
'' အဓိကအချက်က တိုင်းပြည်မှာ ဘာတွေလိုအပ်လဲ၊ နံပါတ် ၁ ကတော့ လျှပ်စစ်၊ ၂ ကတော့ သယ်ယူပို့ ဆောင်ရေးကဏ္ဍ၊ နောက်ပြီး သွင်းကုန်အစားထိုးခြင်း၊ ပို့ကုန်မြှင့်
တင်ခြင်း ဒါတွေက အရေးတကြီးလိုပါတယ်။ မြန်မာနိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကျော်သော အလုပ်သမားတွေဟာ ကျေးလက်ဒေသတွေမှာ နေ ထိုင်ကြတာဖြစ်တယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ တိရစ္ဆာန်မွေးမြူရေးကဏ္ဍ စသဖြင့်တွေ ရင်းနှီးမြှုပ်နှံမှု ဝင်လာဖို့လိုပါတယ်။ နောက်ပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဒါတွေကလည်း တိုင်းပြည်ဖွံ့ဖြိုးဖို့
အတွက် အရေးတကြီးလိုတဲ့ ကဏ္ဍတွေဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် ကလည်း စက်မှုမြို့တော် တည်ဆောက်ရေး လုပ်ငန်းတွေလိုပါတယ်။ ဒါတွေတည်ဆောက်ပြီးတော့မှ ရင်းနှီးမြှုပ်နှံသူတွေဟာ လွယ်လွယ်ကူကူဝင်ရောက်နိုင်မှာဖြစ်ပါ
တယ်။ နောက်ပြီး ဝင်ငွေနိမ့်ပါးတဲ့ သူတွေအတွက်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေလိုပါတယ်။ အဲဒီလို လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာဖို့ အထူးဖိတ်ခေါ်ထားတာဖြစ်ပါတယ်''ဟု ဦးစန်းမြင့်က ပြောသည်။
Credit: Myanmar Time