စင်္ကာပူတွင် အမြင့်မားဆုံးအဆောက်အအုံဖြစ်သော Guoco Tower ၊
၆၄ ထပ်ရှိ penthouse ခန်း တစ်ခန်းကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း
ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
စင်္ကာပူသည် အနီးဝန်းကျင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တရုတ်ပြည်မကြီးမှ သန်းကြွယ်သူဌေးများ လာရောက်အခြေချရန်အတွက် စွဲဆောင်အားကောင်းသော နိုင်ငံတစ်ခုဖြစ်သည်။
ယခုအရောင်းဈေးကွက်ဝင်လာသော လူနေခန်းတွင် ကိုယ်ပိုင်ရေကူးကန်တစ်ခုလည်း ပါဝင်ပြီး စင်္ကာပူတွင် တန်ဖိုးအကြီးဆုံးဖြစ်လာဖွယ်ရှိနေသည်။
အိမ်ခြံမြေ အတိုင်ပင်ခံကုမ္ပဏီ JLL က ထုတ်ဖော်ပြောကြားရတွင်
စင်္ကာပူ၏ အိမ်ခြံမြေဈေးနှုန်းများသည် ဈေးကွက်ကောင်းခဲ့သည့်
၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု ဆိုသည်။
သို့ရာတွင် တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ဈေးကွက်မှာမူ ယခုနှစ်အတွင်း ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအကြား မြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
ယင်းသို့ခန့်မှန်းရခြင်းမှာ ပြည်တွင်း၊ ပြည်ပဝယ်လက်တို့က ဈေးကွက်ကောင်းလာမည်ဟု ယုံကြည်ချက်များကြောင့် ဝယ်လိုအားပြန်လည်မြင့်တက်လာမှုများပေါ်တွင် အခြေခံသည်ဟု
ဆိုသည်။Guoco Tower ကို စင်္ကာပူ developer ဖြစ်သော GuocoLand
က ဆောက်လုပ်ခဲ့ပြီး ၃၉ ထပ်မှ ၆၄ ထပ်အကြားကို လူနေခန်းများအဖြစ် အသုံးပြုကာ Wallich Residence ဟု အမည်ပေးထားသည်။
ယခုရောင်းချမည့် penthouse ခန်း၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၂၁၀၀၀ ခန့်ရှိသောကြောင့် စင်္ကာပူတွင် အကျယ်ဝန်းဆုံး လူနေခန်းတစ်ခု ဖြစ်ဖွယ်ရာရှိသည်။
Guoco Tower တွင် Grade A အဆင့် ရုံးခန်းများအတွက် အထပ် ၃၁ ထပ်ပါဝင်ပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၈၉၀၀၀၀ ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)