နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရန်ကုန် - ဂျကာတာ တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းခွင့်ပေးနိုင်ရေး မြန်မာအစိုးရသို့ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဒေါက်တာ အီတိုဆူမာဒီက ယခုလ ၁၄ ရက်တွင် ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် ဂါရူဒါ (Garuda) လေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) တို့သည် ၂၀၁၅ တွင် လေကြောင်းလိုင်း ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သော်လည်း ရန်ကုန် - ဂျကာတာ တိုက်ရိုက် ပျံသန်းနိုင်ခြင်း မရှိသေးဟု ၎င်းက ပြောသည်။
"ကံမကောင်းစွာနဲ့ အဲဒီအချိန်တုန်းက မြန်မာဘက်က တိုက်ရိုက်ပျံသန်းခွင့်ပြုဖို့ အဆင်သင့် မဖြစ်ခဲ့ဘူး။ ကျွန်တော်တို့အနေနဲ့ အဲဒါကို အခုချိန်ထိ ကြိုးစားပြီး တောင်းဆိုနေပါတယ်။ တကယ်လို့ ခွင့်ပြု ပေးနိုင်မယ်ဆိုရင် အင်ဒိုနီးရှားနဲ့ ရန်ကုန်ကို တိုက်ရိုက်ပျံသန်းနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံသား တော်တော်များများက မြန်မာနိုင်ငံကို လာချင်ကြတယ်" ဟု မစ္စတာဆူမာဒီက ပြောသည်။
ဂါရူဒါလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း ချုပ်ဆိုထားသည့် သဘောတူညီချက်အရ Code Share လေကြောင်းလိုင်းအဖြစ် ဂျကာတာနှင့် ဩစတြေးလျနိုင်ငံရှိ မြို့သုံးမြို့သို့ စင်ကာပူလေဆိပ်မှတစ်ဆင့် ပြေးဆွဲပေးလျက် ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။
"သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံကို တိုက်ရိုက်ပျံသန်းဖို့ အင်ဒိုနီးရှားလေကြောင်းလိုင်း ကုမ္ပဏီတွေကို မြန်မာအစိုးရက အခွင့်အရေးပေးလိမ့်မယ်လို့ ယုံကြည်တယ်" ဟု မစ္စတာဆူမာဒီက ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအချို့မှ စီးပွားရေး အရေးယူပိတ်ဆို့မှု လွတ်ကင်းသွားသည့် အချိန်မှစပြီးမြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ရန် အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားလာကြသည်ဟု ၎င်းက ပြောသည်။
"မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် အင်ဒိုနီးရှားနိုင်ငံက စီးပွားရေးကိုယ်စားလှယ်တွေကို
ကြိုးစားခေါ်ဆောင်လာမယ်။ မကြာခင်မှာပဲ အဖွဲ့အစည်း တစ်ခုကနေ ခရီးသွားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် လာရောက်ဖို့ရှိတယ်" ဟု မစ္စတာဆူမာဒီက ပြောသည်။
မန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက် လည်ပတ်သည့် ခရီးသွားဦးရေမှာ
နှစ်စဉ်တိုးတက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ တွင် ခရီးသွား ၂၅,၀၀၀ ကျော် လာရောက်ခဲ့သည်ဟု ယခုလ ၁၄ ရက်က ကျင်းပခဲ့သည့် အင်ဒိုနီးရှား ခရီးသွား အရောင်းမြှင့်တင်ရေး (Indonesia Tourism Table Top) ပွဲတွင် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး မစ္စတာ ပူပန်းသာရစ်ဖက်ဒီလာက ပြောသည်။
နှစ်နိုင်ငံခရီးသွားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက် ခရီးသွားလုပ်ငန်း အရောင်းမြှင့်တင်ရေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ခရီးသွားဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ကျင်းပခဲ့ခြင်း
ဖြစ်ပြီး အင်ဒိုနီးရှား ခရီးသွားလုပ်ငန်းရှင် ၁၀ ဦးခန့်နှင့် မြန်မာနိုင်ငံသား ခရီးသွားလုပ်ငန်းရှင် ၅၀ ကျော် တက်ရောက်ခဲ့သည်။
"တကယ်တော့ ဒီပွဲက ခရီးသွားလုပ်ငန်းအရောင်းမြှင့်တင်ရေးအတွက် အစပဲရှိပါသေးတယ်။ တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ဆောင်ရွက်သွားဖို့ရည်ရွယ်ထားပါတယ်။ ဒီလိုပွဲမျိုး ကျင်းပခြင်းအားဖြင့်
နှစ်နိုင်ငံခရီးသွား လုပ်ငန်းရှင်အချင်းချင်း အဆက်အသွယ်နဲ့ စီးပွားရေး ပါတနာရှင်ရရှိစေတယ်" လို့ မစ္စတာဖက်ဒီလာက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနသည် လာမည့်စက်တင်ဘာတွင် ခရီးသွား အရောင်းမြှင့်တင်ရေးပွဲ ရန်ကုန်တွင် ထပ်မံ ကျင်းပရန် ရည်ရွယ်ထားကြောင်းသိရသည်။
လက်ရှိအချိန်ထိ ဂျက်စတား (Jetstar) လေကြောင်းလိုင်းသည် စင်ကာပူလေဆိပ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံရှိ မြို့ခြောက်မြို့သို့ ပျံသန်းပေးလျက်ရှိပြီး ဂျကာတာသို့ တစ်ပတ်လျှင် အကြိမ်ရေ
၆၀ နှင့် ဘာလီသို့ တစ်ပတ်လျှင် အကြိမ်ရေ ၄၀ ကျော် အများဆုံး ပျံသန်းပေးလျက်ရှိကြောင်း ဂျက်စကားမြန်မာ အရောင်းမန်နေဂျာ ဦးပြည်စိုးထွန်းက ပြောသည်။
"နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းက အနာဂတ်မှာ အရမ်းကောင်းမွန်လာမယ်လို့ ကျွန်တော်မြင်နေရတယ်။ မြန်မာနိုင်ငံသား ခရီးသွားတွေအနေနဲ့လည်း အင်ဒိုနီးရှားနိုင်ငံကို လာရောက်လည်ပတ်မှုတွေ ရှိနေကြပြီ" ဟု အင်ဒိုနီးရှားနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင် မစ္စတာရိုဘီးအာရီဆူတန်ရိုကပြောသည်။
အင်ဒိုနီးရှားနိုင်ငံသို့ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၂ သန်းကျော် ၀င်ရောက်ခဲ့ပြီး အဆိုပါအရေအတွက်သည် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားဦးရေ၏ လေးဆခန့်များသည်။
အင်ဒိုနီးရှား ခရီးသွားဝန်ကြီးဌာနသည် ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၅ သန်း ၀င်ရောက်ရန် ခန့်မှန်းထားသည်။
Credit: Myanmar Time