ချင်းပြည်နယ်ကို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ဥပဒေအရ အခွန်ကင်း လွတ်ခွင့် ခုနစ်နှစ် ပေးထားသော်လည်း လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်းများ ဝင်ရောက်ခြင်းမရှိသေးကြောင်း ချင်းပြည်နယ်အစိုးရထံမှ သိရသည်။
ထို့ကြောင့် ပြည်နယ်မြို့ တော် ဟားခါးနှင့် ပလက်ဝမြို့ တွင် ၂၀၁၈ ၌ တည်ဆောက်မည့် စက်မှုဇုန်စီမံကိန်းနှစ်ခုဖြင့် ပြည် တွင်း၊ ပြည်ပ လုပ်ငန်း ရှင်များကို ဆွဲဆောင်ရန် စီစဉ်နေကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
‘‘ဒီစီမံကိန်းအတွက် အခု လုပ်ငန်းဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့ လာနေဆဲပါ။ ဒီအချက်အလက် ပေါ်မူတည်ပြီး ဘယ်လိုလုပ်ငန်း တွေ ဦးစားပေးမယ်ဆိုတာ ဆုံး ဖြတ်သွားမယ်’’ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ပြောသည်။
အဆိုပါ လေ့လာမှုအတွက် အချိန်လေးလခန့် ယူမည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အထက်ပါ စက်မှုဇုန် စီမံကိန်းနှစ်ခုကို အကောင်အထည်ဖော်ရာတွင် အစိုးရက ဦးဆောင်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ၂၀၁၆ အောက်တိုဘာတွင် ပြဋ္ဌာန်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ချင်းပြည်နယ်တစ်ခု လုံးကို ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများအဖြစ် သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ပါက အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိမည်ဖြစ်သည်။ အဆိုပါ ဥပဒေအရ ၂၀၁၇ ဧပြီ၌ စတင် အသက်ဝင်ခဲ့သော်လည်း လက်ရှိ တွင် ချင်းပြည်နယ်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မရှိသေးပေ။
ပြည်တွင်း လုပ်ငန်းရှင်များ က ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေပြီး လုပ်ငန်းဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာဆဲဖြစ်ကြောင်း ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြော သည်။ထိုသို့ စက်မှုဇုန်တည်ထောင် ရန် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် နေသကဲ့သို့ တစ်ဖက်ကလည်း ချင်းပြည်နယ်ရှိ လျှပ်စစ်ကဏ္ဍ၊ မြို့ပြ ကဏ္ဍနှင့် ထုတ်လုပ်မှု ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ် နှံလိုသူများကို ပြည်နယ်အစိုးရက ဖိတ်ခေါ်နေသည်။
Credit: 7DayDaily