ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် ဆက်စပ်နေသော စည်ပင်သာယာပိုင် မြေနေရာတွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရန် လုပ်ငန်းများနှင့် ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ကြည့်ရှုဆွေးနွေးခဲ့ ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၈ ရက်က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းတို့ နှင့်အတူ ရန်ကုန်မြို့ လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေး စခန်းနှင့်ဆက်စပ်လျက်ရှိသော စည်ပင်သာယာပိုင် မြေနေရာတွင် ဝန်ထမ်းအိမ်ရာများ အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရေး အတွက် ဝန်ထမ်းအိမ်ရာများကို ဆက်လက်အကောင်အထည်ဖော် သွားမည် ဖြစ်ပြီး မြေနေရာရရှိသည့်အပေါ်မူတည်၍ အများပြည်သူ နေထိုင်ရေးအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ များကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားရန် ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ လှိုင် မြို့နယ်ရှိ စည်ပင်ပိုင်မြေနေရာတွင် ဝန်ထမ်း အိမ်ရာ ဆောက်လုပ်နိုင်ရေး ဆွေးနွေး ခဲ့ပြီးနောက် အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက်ရှိ မြန်မာ့မီးရထား ဝန်ထမ်းအိမ်ရာ နေရာတွင် ခေတ်မီဝန်ထမ်းအိမ်ရာ အဆောက်အအုံများ အစားထိုးဆောက်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Credit: MOI Webportal Myanmar