စိုက်ပျိုးရေးကဏ္ဍတွင် အရင်းကျေ ကာလနှင့် မြေယာကိစ္စ အခက်အခဲများ ရှိသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမှာ တစ်ရာခိုင်နှုန်းပင် မပြည့်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
“အဓိကက မြေယာလိုအပ်ချက် ရှိတယ်။ ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အများစုက ချေးငွေတွေနဲ့ လာကြတာ များတယ်။ မြန်မာနိုင်ငံ လာတယ်ဆိုရင် ဘဏ်ချေးငွေနဲ့ ကိုက်လား မကိုက်လားဆိုတာ ကြည့်တယ်။ စိုက်ပျိုးရေးဆိုတာ အရင်းကျေကာလက ရှည်တော့ ရင်းနှီးမြှုပ်နှံသူတွေက အဝင်နည်းတာ”ဟု ယင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့်က ပြောကြားသည်။
ယခုဘဏ္ဍာနှစ် လေးလတာ ကာလအတွင်း စိုက်ပျိုးရေးကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးခု ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၂၀၇ သန်းရှိကြောင်း၊ ယခင်နှစ်ကဆိုလျှင် စိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုံးဝ မရှိကြောင်း ၎င်းက ပြောဆိုသည်။
စိုက်ပျိုးရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်လုပ်ငန်းတွင် ပါဝင်သောကြောင့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ဝင်ရောက် လုပ်ကိုင်ပါက လုပ်ငန်းလုပ်ကိုင်ခွင့်ကို အခြားသော လုပ်ငန်းများထက် ဆောလျင်စွာ ရရှိမည်ဖြစ်ပြီး အခွန်သက်သာခွင့်ကိုလည်း ခုနစ်နှစ်အထိ ရရှိမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
စိုက်ပျိုးရေးကဏ္ဍကို အဓိက လုပ်ဆောင်သည့်နယ်ဘက်တွင် လျှပ်စစ်မီး မရရှိသောကြောင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် အခက်အခဲရှိကြောင်း၊ ယခုနောက်ပိုင်းတွင် ကျွမ်းကျင်လုပ်သားများ ရှားပါးလာကာ ပြည်တွင်း လုပ်ငန်းရှင်များမှာလည်း လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားမှု လျော့နည်းလာကြောင်း ဆန်ကုန်သည် ဦးအောင်မြင့်က ပြောကြားသည်။
Credit: The Voice