ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှု လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့သစ် စီမံကိန်းအကြောင်း ရှင်းလင်း သွားပါသည်။
ဒီတစ်ကြိမ် တွင်တော့ ရန်ကုန်မြို့သစ် တည်ဆောက် ရေးကို တကယ်စတင်တော့ မည်ဖြစ်ရာ ကြိုဆိုမှုများရှိသလို စိုးရိမ်မှုများလည်းရှိသည်ကို တွေ့ရသည်။
ကြိုဆိုမှုမှာ ဘက်ပေါင်းစုံတွေ့ရှိရသော အချက်အလက်များ အရ ရန်ကုန်မြို့ကို တိုးချဲ့ရန်လိုအပ်နေသည်ဟု အများက ယူဆ လာကြခြင်းကြောင့် ဖြစ်သည်။ အဆိုပါအချက်အလက်များ၏တိကျမှုနှင့် ခန့်မှန်းယူဆမှုများမှန်ကန်ပါက မြို့ကိုတိုးချဲ့မည် ဆိုက တိုးချဲ့ရန်သင့်ပါသည်။
ထိုအချက်အလက်များ မမှန်ကန် ခြင်း (သို့) အခြားနည်းလမ်းများဖြင့် ယနေ့ကြုံတွေ့ရသော မြို့ပြ အခက်အခဲများကို ဖြေရှင်းနိုင်သေးသည်ဆိုလျှင် မြို့သစ်ချဲ့ထွင် ခြင်းသည် ရန်ကုန်တိုင်းဒေသကြီးသာမက ပြည်ထောင်စုအစိုးရ အပေါ်မှာပါ ပိလာမည့် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာမည် ဖြစ်ပါသည်။
သို့သော် ယခုမြို့သစ်တည်ဆောက်ရန် အသေးစိတ်အခြေ အနေများ ရှင်းကြသည်ဆိုခြင်းက ဆုံးဖြတ်ပြီး ကိစ္စဖြစ်နေပါပြီ။ ယခု မြို့သစ်စီမံကိန်းမှာ အကောင်အထည်ဖော်ဆောင်ရွက် ရမည့် စီမံကိန်းဧရိယာပမာဏ ကြီးမားကျယ်ပြန့်ခြင်း၊ ပြည်သူ လူထု၏ လူနေမှုဘဝမြင့်မားစေရေး အထောက်အကူပြုမည့် စီမံကိန်းဖြစ်ခြင်း၊ မဟာရန်ကုန်၏ အနာဂတ်စီမံကိန်း ရည်မှန်း ချက်ဖြစ်သော ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသော ဒေသများကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်း များ တိုးတက်လာစေရေးအပြင် ကုမ္ပဏီအနည်းငယ်မှ လက်ဝါးကြီးအုပ် လုပ်ကိုင်မည့်အစား နိုင်ငံသားလုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင်ခွင့်ရရှိရေး ကိုရှေးရှု၍ စီမံကိန်းတစ်ခုလုံးကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်မှ ကြီးကြပ်ဆောင်ရွက်များမည် ဟု သိရသည်။ ထို့အတွက် ယခင် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ကုမ္ပဏီများကြား ချုပ်ဆိုခဲ့သောစာချုပ်ကို ဖျက်သိမ်းရန် သဘောတူညီခဲ့ကြောင်းလည်း သိရရာ စီမံကိန်းအစကောင်း လာသည်ဟုတော့ ဆိုနိုင်ပါသည်။
မြို့သစ်ဖော်ထုတ်ခြင်းများ ခေတ်စားလာသည်မှာ ယခင် အစိုးရများ၏ လက်ထက်ကဖြစ်သည်။ ထိုအတွေ့အကြုံများမှာ စံမပြုလောက်ဘဲ သင်ခန်းစာဖော်ထုတ်ရမည့် အတွေ့ အကြုံများဖြစ်သည်။ သင်ခန်းစာယူရန်နှင့် ရှောင်ကြဉ်ရန်၊ သတိ ထားရန်ကိစ္စမှာ မူများစွာရှိသည်ကို တွေ့ရသည်။
ထိုခေတ်က မြို့သစ်ဖော်ထုတ်ခြင်းမှာ အလွန်လွယ်ကူသည်။ မြေကော်စက် သုံး၊ လေးစီးရှိလျှင် မြို့သစ်တစ်ခုဖြစ်သည်။ လမ်းမကြီးအူကြောင်း များကို မြေကော်စက်ဖြင့် ထိုးတင်ဖော်ထုတ်လိုက်လျှင် မြို့သစ် တစ်ခုပြီးပါသည်။ ကျန်လမ်းသွယ်များမှာ ကိုယ့်အားကိုယ်ကိုး ခင်းနိုင်လျှင် ခင်းကြ၊ မခင်းနိုင်လျှင် ဒီတိုင်းနေရုံသာ ရှိပါသည်။ ရေ၊ မီး ကိုယ်ဘာသာကိုယ် လုပ်ရန်ဖြစ်သည်။
ထို့ကြောင့် မြို့သစ် တစ်ခု အခြေတကျဖြစ်လာရန် အနှစ် ၂ဝ လောက်အထိ ကြာ သည်လည်းရှိခဲ့သည်။ ယခုထက်တိုင် ရန်ကုန်၊ မန္တလေး မြို့သစ် များတွင် လမ်းမခင်းရသေးသော နေရာများရှိနေသည်ကို တွေ့နိုင် ပေသည်။
နောက်တစ်ချက်မှာ မြို့သစ်အများစုသည် ယခု ရန်ကုန် တစ်ဖက် ကမ်းမြို့သစ်လိုပင် လယ်မြေများဖြစ်ရာ မြေမငြိမ်သော ပြဿနာရှိပါသည်။
အိမ်ဆောက်လျှင်၊ အုတ်တံတိုင်းခတ်လျှင် မြေအနက်ကို လိုအပ်သည် ထက်ပို၍ နက်နက်တူးရန်လိုသည်။ သို့မဟုတ်ပါက အုတ်တံတိုင်းများ၊ အိမ်နံရံများ ကွဲအက်လာ တတ်သည်။ မြို့သစ်လမ်းများမှာ ကိုယ်တိုင်မြေဖို့ရ သဖြင့် အကြိမ်ကြိမ်ဖို့ရာက လမ်းများက မြင့်လာပြီး အိမ်များက နိမ့်သွား သည့် ပြဿနာကြုံရသည်။ ၁၉၉၅ ခုနှစ်လောက်က ဆောက်လုပ် ခဲ့သော တိုက်များမှာ ယခုလမ်းအောက်သို့ အတော်နိမ့်လျက် ရှိရာ မိုးတွင်းကာလ များတွင် အလွန်ပြဿနာတက်တော့သည်။
ထိုစဉ်က လုပ်သက်နှစ် ၂ဝ ကျော်၊ နှစ် ၃ဝ ကျော် ဝန်ထမ်း များ နေစရာရသွားခြင်းအတွက်သာ ကောင်းမွန်လျက်ရှိသည် ဟု ဆိုနိုင်သည်။ သို့သော် မြေနေရာချထားပေးခြင်းက အလွန် မမျှတစွာ ဖြစ်ပေါ်ခဲ့သည်။ တချို့ မြို့နယ်၊ ခရိုင်အရာရှိများမှာ ကိုယ့်အကွက်ကို မမှတ်မိလောက်အောင် မြို့သစ်တိုင်းတွင် အကွက်များ ရရှိခဲ့ကြသည်။
မြို့အသီးသီးဖော်ထုတ်ကြသည့် အတွက် မြေကွက်သည် အရာရှိများ၊ အာဏာပိုင်များ နီးစပ်ရာ လက်ဆောင်ပေးသည့် ပစ္စည်းဖြစ်ခဲ့သည်။ မ္တလေးမြို့သစ်တွင် ယခင်က ကျပ်ငွေသောင်းဂဏန်းသာ ပေးသွင်းရသော မြေကွက် များမှာ ယခုထောင် ဂဏန်း၊ နေရာကောင်းလျှင် ထောင်ကြီး၊ သောင်းဂဏန်းတန်နေသည်။ မ္တလေး ရဲမွန်တောင်၏ အရှေ့ ဘက်ရှိ 'မ'ကွက်ခေါ် ဧကကွက်များမှာ လက်သင့်ရာကို '၂၈'သိန်းဖြင့် ရောင်းချခဲ့သည်။
ယခု သိန်းပေါင်းသောင်းဂဏန်း ဖြစ်နေသည်။ သာမန်စီးပွားရေး၊ သာမန်လုပ်ခလစာစားသူများ ဆယ်သက်လိုက်မမီသော ဈေးမျိုးဖြစ်လျက်ရှိသည်။ စက်မှုဇုန် များ ဖော်တော့လည်း ဤလူသိုက်များပင် ခွဲဝေရယူသွားသည်။ ယခုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြား တပ်လန့်သွား ကြခြင်း မှ မြေဈေးကြီးမြင့်မှု၊ မြေငှားရမ်းရန်မလွယ်ကူမှု၊ စက်ရုံတည် ထောင်ရန် လုပ်ငန်းစဉ်များပြားလွန်းမှု စသည်များကြောင့်ပင် ဖြစ်သည်ကို တွေ့ရသည်။ ဤသည်မှာ ရန်ကုန်မြို့သစ်အတွက် ကြီးစွာသော သင်ခန်းစာယူရန်အချက်ဖြစ်သည်။
ပထမဦးဆုံးအားဖြင့် မြို့သစ်၏ စက်မှုဇုန်များတွင် အခွင့် အရေးရနေကျ ပုဂ္ဂိုလ်များ၊ တကယ်လုပ်ကိုင်မှာမဟုတ်သည့် ပုဂ္ဂိုလ်များ တစ်ဦးတစ်ယောက်မျှ မပါဝင်လာစေရန် ဂရုစိုက်ရ မည်ဖြစ်သည်။ ထို့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအတွက် အလကားနီးပါး မြေဈေးဖြင့် ငှားရမ်းပေးနိုင်ရမည်။ ထို့အတွက် ဖြတ်သန်းရန် လုပ်ငန်းစဉ်ကလည်း အလွန်လွယ်ကူစေရမည်။
မြို့သစ်၏ အခြားအစိတ်အပိုင်းများထက် အဆိုပါစက်မှုဇုန်များ အတွက် အခြေခံ အဆောက် အအုံ၊ ရေ၊ မီး စသည်တို့ကို ဦးစွာ အဆင်ပြေအောင် ဖန်တီးပေးနိုင် ရမည်။ ယခု အထည်ချုပ် အလုပ်သမားအများစုနှင့် ကျွမ်းကျင်မှုနိမ့် အလုပ်သမားအများစု မှာ လှိုင်သာယာနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှဖြစ်ရာ ၄င်းတို့အတွက် မြစ်ကိုဖြတ်စရာမလိုဘဲ အလုပ်အကိုင်ရရှိနိုင်စေ မည်ဖြစ်သည်။
နောက်ထပ်ဖြေရှင်းရန် ပြဿနာတစ်ခုမှာ ယခင်ပုံစံအတိုင်း မြေများကို လက်ဦးမှုရှိစွာ ကြိုတင်ဝယ်ယူကာ လှောင်ကန်တစ်ခု အဖြစ် လုပ်ထားခြင်း များကို ဖြေရှင်းရန်ဖြစ်သည်။ ၄င်းတို့ကို အလွယ်လမ်းလိုက်သော မြေဈေးကစား သူများအဖြစ် သတ်မှတ် ရန်လိုသည်။ ၄င်းတို့အား သာမန်လယ်သမားများရသော အခွင့် အရေးထက် ပို၍မပေးရန်လိုသည်။
ယခင်က လယ်တစ်ကွက် အသိမ်းခံရသူသည် (၄ဝx၆ဝ)ပေ မြေတစ်ကွက် သာရသည်။ ယခုလည်း သတ်မှတ်နှုန်းတစ်ခုသာ ရသင့်သည်။ တကယ် လယ်လုပ်နေသူများအတွက် နေအိမ်(သို့)တိုက်ခန်းနှင့် ခြံမြေ အနည်း ငယ်ပေးနိုင်လျှင် ရန်ကုန်မြို့အတွက် အသီးအနှံ အထောက်အပံ့ရနိုင်ပါသည်။
နိုင်ငံတကာကိုကြည့်လျှင် တရုတ်ပြည် ပေကျင်းမြို့တော် ဆိုလျှင် မြို့လယ်ကောင်ရှိ ရှေးဟောင်းနန်းတော်တစ်ဝိုက်ကို မြို့၏အတွင်းစည်းအဖြစ် သတ်မှတ်ပြီး မင်မင်းဆက်ခေတ် (လွန်ခဲ့သော အနှစ် ၈ဝဝ ခန့်)ကအတိုင်း ထားရှိခြင်းဖြစ်သည် ကို တွေ့ရသည်။ ၄င်းအတွင်းစည်းကို တစ်ထပ်၊ နှစ်ထပ်ထက် ပိုသော အဆောက်အအုံဆောက်လုပ်ခွင့်မပေးဘဲ ထားခြင်းအား ဖြင့် မူလအဆောက်အအုံများအတိုင်း ထိန်းသိမ်းရထားခြင်း ဖြစ်သည်။
ထို့ကြောင့် မြို့လယ်ကောင် လူဦးရေသိပ်သည်းမှုကို လျှော့ချနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း မရှိသလောက် ဖြစ်စေသည်ကို တွေ့ရသည်။ ပေကျင်း၏ အရှေ့တောင်ဘက် ပင်လယ်ကမ်းခြေရှိ ချင်းတောင်ဟုခေါ်သော မြို့မှာ ၁၉ဝ၇ ခုနှစ် လောက်က ဂျာမန်များတည်ခဲ့သော မြို့ဖြစ်သည်။
ယင်းမြို့မှ ချင်းတောင်ဘီယာက နာမည်ကြီးသည်။ ဂျာမန်တည်ခဲ့သော မြို့ဟောင်းကို ယခင်အတိုင်းထားပြီး အထပ်မြင့်အဆောက်အအုံ များ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများကို မြို့သစ်ဘက်တွင် သာ ဆောက်လုပ်ခွင့်ပေးရာ မြို့သစ်နှင့် မြို့ဟောင်း ကွဲပြားစွာ တွေ့မြင်ခဲ့ရသည်။
လန်ဒန်မှ သိမ်းမြစ်ကဲ့သို့၊ ဗန်ကောက်မှ ကျောက်ဖျားမြစ် ကဲ့သို့ လှိုင်မြစ်ကို ရန်ကုန်မြို့လယ်သို့ ရွှေ့ပစ်လိုလျှင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရသည် ပညာရှင်များနှင့် လူထုများ၏အသံကို နားများများထောင်ဖို့ လိုပါသည်။
လွန်ခဲ့သော နှစ် ၂ဝ ကျော်က တာဝန်မဲ့မြို့သစ်များ၏ သင်ခန်းစာယူရန်လိုပါသည်။ ကိုယ်ကျိုး စီးပွားကြောင့် ကိုယ့်အတွင်းစည်းမှ တာကျိုးပေါက်ခြင်းများကို သတိပြုကာကွယ်ဖို့လိုသည်။ ၂ဝ ရာစု၏ လူမှုဘဝ အရည် အသွေးမီ မြို့တော်များကို လေ့လာဖို့လိုပါသည်။
မြို့ဟောင်းနှင့် လုံးဝမတူသော လုံးဝသစ်လွင်သော မြို့သစ်တစ်ခုအဖြစ် စိတ်ကူး အိပ်မက် ရှိရန်လိုပါသည်။ ထို့အတွက် သံန္နိဋ္ဌာန်အခိုင်အမာချ၍ လူအား၊ ငွေအားများစွာ စိုက်ထုတ်ရန် လိုအပ်နေပါကြောင်း တင်ပြရပါသည်။ ။
Credit: MOI Webportal Myanmar