စင်္ကာပူမြို့လယ်ရှိ ကားပါကင်အဆောက်အအုံကို CapitaLand Limited က ဝယ်ယူလိုက်ကာ ဘက်စုံသုံး အဆောက်အအုံကြီးအဖြစ် ကန်ဒေါ်လာ တစ်ဘီလီယံကျော်သုံးစွဲကာ ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်း ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
CapitaLand သည် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော မစ်ဆူဘီရှီနှင့်ပူးတွဲအကောင်အထည်ဖော်မည်ဖြစ်ပြီး ယခုစီမံကိန်းအတွက် စင်္ကာပူဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီယံခန့်) ကုန်ကျမည် ဖြစ်သည်။
ယခုစီမံကိန်းဆောက်လုပ်မည်ကို ယာဉ်ပိုင်ရှင်များအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်ကတည်းကပင် သတိပေးထားခဲ့ပြီးဖြစ်ပြီး ယာဉ်ရပ်နားခွင့် နောက်ဆုံးပေးမည့်ရက်စွဲမှာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ဖြစ်သည်။
Golden Shoe Car Park အမည်ရှိ ယခုအဆောက်အအုံမှာ စင်္ကာပူ၏ အချက်အခြာဖြစ်သော Raffles Place အရပ်တွင် တည်ရှိပြီး ၁၀ ထပ်အဆောက်အအုံဖြစ်ကာ ထိုနေရာတွင် ၅၁ ထပ်အမြင့်ရှိ မိုးမျှော်တိုက်ကြီး ဆောက်လုပ်သွားမည် ဖြစ်သည်။
၂၀၂၁ ပထမနှစ်ဝက်တွင် စီမံကိန်းအပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားပြီး အမြင့်အားဖြင့် ၂၈၀ မီတာရှိမည်ဖြစ်ကာ အကျယ်အဝန်းမှာ စတုရန်းမီတာ ၉၃၀၀၀ ရှိမည် ဖြစ်သည်။
CapitaLand နှင့် မစ်ဆူဘီရှီတို့သည် Golden Shoe Car Park အဆောက်အအုံကို စင်္ကာပူဒေါ်လာ ၁၆၁ ဒသမ ၁ သန်းဖြင့် ဝယ်ယူမည်ဖြစ်သည်။
ယခုမြေနေရာ၏ မြေငှားသက်တမ်းမှာ ၂၀၈၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ဖြစ်သောကြောင့် ၆၄ နှစ်အငှားသက်တမ်းကျန်ရှိသည်။
လက်ရှိကားပါကင်အဆောက်အအုံ၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၄၃၃၃ ကျယ်ဝန်းပြီး ကားအစင်းရေ ၁၀၅၃ စင်းရပ်နားနိုင်စွမ်း ရှိသည်။
ဆောက်လုပ်ရန်လျာထားသည့် မိုးမျှော်တိုက်တွင် Grade A အဆင့်ရှိ ရုံးခန်းနေရာမှာ စုစုပေါင်းအကျယ်အဝန်း၏ ၈၀ ရာခိုင်နှုန်း နေရာယူမည်ဖြစ်သည်။
အသင့်နေလူနေခန်းပေါင်း ၂၉၉ ခန်းပါဝင်မည်ဖြစ်ကာ လက်လီအရောင်းဆိုင်များ၊ အစားအသောက်စင်တာတစ်ခု၊ အထပ် ၄ ထပ်ပါ ရုက္ခဗေဒဥယျာဉ်နှင့် ဟင်းလင်းပြင်လသာဆောင်တို့ ပါဝင်မည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)