သြစတေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်၏ ကမ်းလွန်တွင် တည်ရှိသော နာမည်ကျော် အပန်းဖြေကျွန်းတစ်ကျွန်းလုံးကို သြစတေးလျ ဒေါ်လာ သန်း ၃၀၀ ဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း မဲလ်ဘုန်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ကျွန်းအမည်မှာ ဟေမန်ကျွန်းဖြစ်ပြီး ကျွန်းတစ်ခုလုံး၏ အကျယ်အဝန်းမှာ ဟက်တာ ၄၀၀ ( ၉၈၈ ဧက) ခန့် ရှိသည်။
အဆိုပါကျွန်းသည် ကွင်းစလန်ပြည်နယ်အတွက် ကမ္ဘာလှည့်ခရီးသည်များ စွဲဆောင်ရာတွင် အရေးပါသည့်နေရာတစ်ခုလည်း ဖြစ်သည်။
ဟေမန်ကျွန်း၏ ပိုင်ရှင်မှာ မလေးရှားနိုင်ငံသားများ ဖြစ်ကြသည်။
၂၀၁၇ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် တိုက်ခတ်ခဲ့သော ဒက်ဘီဆိုင်ကလုန်းမုန်တိုင်းကြောင့် ဟေမန်ကျွန်းရှိ အခန်း ၁၆၀ ပါ အပန်းဖြေဟိုတယ်မှာ ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။
ဒက်ဘီဆိုင်ကလုန်းကြောင့် သြစတေးလျတွင် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံဖိုး (ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံဖိုး) ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေလွှမ်းမိုးမှု ကြီးမားစွာပေါ်ပေါက်ခဲ့သည်။
ဟေမန်ကျွန်းရှိ အပန်းဖြေစခန်းကို လုပ်ကိုင်ခွင့်ရယူထားသော အရှေ့အလယ်ပိုင်းအခြေစိုက် One & Only က ဒေါ်လာ သန်း ၈၀ သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ပေးမည်ဟူသော ကတိကဝတ်ပေးခဲ့သည်။
လက်ရှိအားဖြင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေရာ လာမည့် ၂၀၁၈ နှစ်လယ်ပိုင်းတွင်မှ ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိသည်။
ဟေမန်ကျွန်း အပန်းဖြေစခန်းတွင် ဝန်ထမ်းပေါင်း ၁၂၀၀ ခန့် ခန့်အပ်ထားသည်။
ဟေမန်ကျွန်းအနီးရှိ ဟမ်မိလ်တန်ကျွန်းကို ပိုင်ဆိုင်သည့် ဘီလျံနာ အုတ်တ်လေမိသားစုသည် ဟေမန်ကျွန်းကို ဝယ်ယူရန် စိတ်ဝင်စား ဖွယ်ရှိကြောင်း၊ အဆိုပါမိသားစုသည် အခြားထိပ်တန်းအပန်းဖြေစခန်းတစ်ခု ထပ်မံဖွင့်လှစ်ရန် စိတ်ဝင်စားနေကြောင်း ခရီးသွားလုပ်ငန်း နယ်ပယ်ရှိ သတင်းရင်းမြစ်များက သုံးသပ်နေကြသည်ဟု ဆိုသည်။
ဟမ်မိလ်တန်ကျွန်း အပန်းဖြေစခန်း၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင်မူ “ကျွန်တော်တို့ရဲ့ စီးပွားရေးမဟာဗျူဟာတွေနဲ့ ပတ်သက်တဲ့ ဒီကောလာဟလတွေ၊ မှန်းဆချက်တွေအပေါ်မှာ မှတ်ချက်ပေးစရာ တစုံတရာ မရှိပါဘူး” ဟု ပြောကြားသည်။
ဟေမန်ကျွန်းအတွက် ဝယ်လက်ရှာလျှက်ရှိသည့်နည်းတူ One & Only အစား အခြားလုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုလည်း ရှာဖွေလျက်ရှိသည်။
မလေးရှားကုမ္ပဏီ Mulpha သည် ဟေမန်ကျွန်းအပြင် သြစတေးလျနိုင်ငံတွင် ပိုင်ဆိုင်ထားသော ဆစ်ဒနီရှိ Intercontinental Hotel ၊ Intercontinental Sanctuary Cove Resort နှင့် Rydges Esplanade Cairns Resort တို့ကိုလည်း ဈေးကွက်တင် ရောင်းချလျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)