ဘတ်စကားဖြင့် ခရီးသွားလျှင် ခြေထောက်ဆန့်ရန်အတွက်နေရာမရှိ၊ ကျောဆန့်ရန်အတွက် နေရာမရှိဆိုသည့်အဖြစ်ဆိုးများ ကြုံရလေ့ရှိပြီး ထိုအဖြစ်ဆိုးများ မကြာမီအတိတ်တွင် ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် စွန့်ဦးတီထွင် ကုမ္ပဏီတစ်ခုက မိုင် ၄၀၀ ရှည်လျားသည့် ခရီးစဉ်ကို ဟိုတယ်အဆင့်ရှိ နှစ်ထပ်ဘတ်စကားကြီးဖြင့် သွားနိုင်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။
ဆန်ဖရန်စစ္စကိုနှင့် လော့စ်အိန်ဂျလိစ်ကို အသွားအပြန်လုပ်ရာတွင် မိုင် ၄၀၀ ကိုဇိမ်ကျကျသွားနိုင်ရန် ၎င်းတို့က ဆန်းသစ်တီထွင်လိုက်ခြင်းဖြစ်သည်။
ယင်းခရီးစဉ်တစ်ကြောင်းသည် ၁၁၅ ဒေါ် လာ ကျမည်ဖြစ်ပြီးတစ်ဦးလျှင် ဟိုတယ်အဆင့်ရှိသော အိပ်ရာတစ်ခုရမည်ဖြစ်သည်။ လူတစ်ယောက်စာ အိပ်ရာပတ်လည်တွင် အကန့်ကန့်ပေးထားမည်ဖြစ်ကာ တစ်ကိုယ်စာအိပ်ရာအခန်းတွင် ပြတင်းပေါက်၊ ကန့်လန့်ကာ၊ စာကြည့်မီး အိမ်နှင့်အားသွင်းပေါက်တို့ ထားပေးထားမည်ဖြစ်သည်။
ယင်းတွင် အိပ်ရာပေါင်း ၂၄ ခု အပြင် ဝင်နားချင်စဖွယ် အနားယူ အခန်းနှင့်အများသုံး သန့်စင်ခန်း၊ ဝိုင်ဖိုင်တို့ ပါဝင်မည်ဖြစ်သည်။ ယာဉ်မယ်တစ်ဦးကလည်း ခရီးသည်များ ခရီးစဉ်တစ်လျှောက် လိုအပ်သည်များကို လိုက်လံဖြည့်ဆည်းပေးမည်ဖြစ်သည်။
မိမိတို့၏ ဇိမ်ခံဘတ်စကားသည် ဟိုတယ်အဆင့်ရှိသဖြင့် ရွေ့လျားဟိုတယ်ဟုပင် ခေါ်၍ရနိုင်သည်ဟုကုမ္ပဏီကို ပူးတွဲတည်ထောင်သူ တွမ်ကာရီယာက ဆိုသည်။
Credit: Pyimyanmar