ဂျပန်နိုင်ငံ အိုကီနိုရှိမကျွန်းသည် အမျိုးသမီးများ
လာရောက်ခွင့်မပေးဘဲ ယောက်ျားများသာ ရောက်ပေါက်ဖူးသည့်ဒေသတစ်ခုကာယခုအခါတွင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုလိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိုကီနိုရှိမကျွန်းတွင် အိုကစ်ဆုအမည်ရှိ ဗိမာန်တစ်ခုရှိပြီး
၁၇ ရာစုကပင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ သင်္ဘောသားများ
ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆုတောင်းကြသည့်နေရာလည်း
ဖြစ်သည်။
ကျွန်းသို့ သွားမည့်သူများသည် ကျွန်းပေါ်သို့ ခြေမချမီတွင် အဝတ်အစားများအားလုံးချွတ်ကာ ပင်လယ်အတွင်းတွင် ကိုယ်လက်ဆေးကြော သန့်စင်မှုများ ပြုလုပ်ကြရသည်။
ကျွန်းမှပြန်ချိန်တွင် မည်သည့်အထိမ်းအမှတ်ပစ္စည်းမှ ယူဆောင်သွားရန် ခွင့်မပြုချေ။
အိုကစ်ဆုကို မတည်ဆောက်မီ ရှေးကာလကတည်းကပင် ပင်လယ်ထွက်ကာ ကိုရီးယား၊ တရုတ်တို့သို့ ကုန်ကူးသွားမည့် သဘော်သားများအတွက် ဆုတောင်းဝတ်ပြုကြသည့်နေရာအဖြစ် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။
ရေမြေခြားဒေသများမှ လက်ဆောင်အဖြစ် သယ်ဆောင်လာခဲ့ကြသည့် ရှေးဟောင်းပစ္စည်းများစွာကိုလည်း ကျွန်းပေါ်တွင်တွေ့ရှိနိုင်ရာ ကိုရီးယားဖြစ် ရွှေလက်စွပ်များလည်း အပါအဝင် ဖြစ်သည်။
ထိုကျွန်းသို့ မေလ ၂၇ ရက် တစ်ရက်တည်းတွင်သာ သွားရောက်လည်ပတ်ခွင့်ပေးထားပြီး ရှေးခေတ်စည်းမျဉ်းများကို ယနေ့တိုင် သတ်မှတ်ထားဆဲ ဖြစ်သည်။
လည်ပတ်ခွင့်ပြုသူ အရေအတွက်ကိုလည်း ကန့်သတ်ထားပြီး လူဦးရေ ၂၀၀ သာ လာရောက်ခွင့်ပြုသည်။
အဆိုပါနေ့ရက်နှင့် လူဦးရေပမာဏမှာ ၁၉၀၄-၀၅ ရုရှား-ဂျပန် ရေကြောင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ဂျပန်ရေတပ်သား ၂၀၀ ဦးနှင့် မေလ ၂၇ ရက်တို့ကို ဂုဏ်ပြုသောအားဖြင့်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါကျွန်းသည် ကိုယ်ပိုင်ဝက်ဘ်ဆိုက်လည်း လွှင့်တင်ထားရာ http://www.okinoshima-heritage.jp/en/ အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
အိုကီနိုရှိမကျွန်းသည် ဂျပန်၏ ပင်မကျွန်းကြီး ၄ ခုအနက် တောင်ဘက်စွန်းဖြစ်သည့် ကျူရှူးကျွန်း၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှု၏ အရေးပါသော တံခါးပေါက်တစ်ခုလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)