ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်း အဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ ထားသော တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်သူ့ငွေစာရင်းကိုင်များ ပျက်ကွက်မှုအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်း တင်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျိုတို နောက်ဆက်တွဲစာချုပ်၏ ဒုတိယမြောက် ကတိကဝတ် ကာလဖြစ်သည့် ''ဒိုဟာ''ပြင်ဆင်ချက်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန်ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးပေးသွင်းရန် ကိစ္စနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန်ကိစ္စတို့နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းတင်ပြသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးပေးသွင်းရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွင် နိုင်ငံအဆင့် အဖွဲ့ဝင် ၈၄ နိုင်ငံ၊ အစိုးရဌာနအဖွဲ့ အစည်းအဆင့် အဖွဲ့ဝင် ၁၂၁ ဖွဲ့၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းအဆင့် အဖွဲ့ဝင် ၉၈၂ ဖွဲ့ ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အဖွဲ့၏ Regulation (22) အရ အဖွဲ့ဝင်များမှ နှစ်စဉ်ကြေးပေးသွင်းရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နှစ်စဉ် ကြေးနှုန်းထားသတ်မှတ်ခြင်းကို လေးနှစ် တစ်ကြိမ်ကျင်းပသည့် ယင်းအဖွဲ့၏ ကမ္ဘာ့ထိန်းသိမ်းရေး ညီလာခံကာလအတွင်း ဆောင်ရွက်လေ့ရှိပြီး အဆိုပါ သတ်မှတ်ချက်သည် နောက်တစ်ကြိမ်ကျင်းပသည့် ညီလာခံ အထိ လေးနှစ်ကြာတည်မြဲပါကြောင်း။
နိုင်ငံအဆင့်အဖွဲ့ဝင်များ (State Member) အတွက် အဖွဲ့ဝင်ကြေး သတ်မှတ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်ဖြစ်လာပါက ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အတွင်း ထည့်ဝင်ရမည့် နှစ်စဉ်ကြေးမှာ CHF(Swiss Francs) ၁၅၅၂ဝ ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ပိုမိုဆက်သွယ်ဆောင်ရွက်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေအရင်း အမြစ်များ ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့မှ ကမ္ဘာတစ်ဝန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမှ သုတေသနရလဒ်များ၊ အတွေ့အကြုံများနှင့် အခြားအကျိုး ကျေးဇူးများကို မိမိတို့နိုင်ငံမှ ရရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာနိုင်ငံပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေကြမ်း၊ ရေနံလက်ယက် တွင်းဆိုင်ရာဥပဒေကြမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင် ရေးဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားတင်ပြကြသည်။
ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဖတ်ကြားပြီး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏အတည် ပြုချက်ရယူရာ လွှတ်တော်က သဘောတူကြောင်းကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တရားခံလွှဲပြောင်းရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြု၍ လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ်လျာထား မှုအပေါ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၈/၂ဝ၁၇) အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံသားတိုင်းသည် ဥပဒေအရ အခွန်အကောက်များကို ပေးဆောင်ရန်တာဝန် ရှိပါကြောင်း၊ အခွန်မရှိဘဲ နိုင်ငံတကာမှ ငွေချေးပြီး တိုင်းပြည်ရေရှည်ရပ်တည်၍ မရပါကြောင်း၊ လျာထားချက်ထက် ပိုမိုကောက်ခံရရှိသည့် အခွန် ၁၄ မျိုးရှိပြီး လျာထား ချက်ထက်လျော့နည်းရရှိသည့်အခွန် ခုနစ်မျိုးနှင့် စပ်လျဉ်းပြီး နောင်ဘဏ္ဍာနှစ်များတွင် လျာထားချက်ကို ပြည့်မီအောင် နည်းလမ်းများရှာကြံပြီး ဆောင်ရွက်သင့်ပါကြောင်း။
အစီရင်ခံစာတွင်ပါရှိသော နိုင်ငံတော်၏ရည်ရွယ်ချက်ဖြစ်သည့် သင့်တင့်သောနှုန်းထားသတ်မှတ်ပြီး Tese Base ကို ချဲ့ထွင်ခြင်းဖြင့် အခွန်အကောက်ရငွေတိုးတက် ရရှိအောင် ဆောင်ရွက်ရာတွင် အခွန်ဦးစီးဌာနမှ အချို့ သောဝန်ထမ်းများက တာဝန်ကို လုပ်ပိုင်ခွင့်ထင်ပြီး အခွန်ထမ်းမည့် ပြည်သူများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ နိုင်ငံတော်သို့ အခွန်များပြည့်ဝစွာ မရရှိအောင် လုပ်ဆောင်နေသည့် အခွန်ကောက်ဝန်ထမ်းအချို့ကို သေသေချာချာစိစစ်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်ရမည့် ငွေထက် လျှော့ယူမည်ဟုဆိုပြီး နိုင်ငံတော်ကို အခွန်မသွင်းစေဘဲ မိမိကိုယ်ကျိုးအတွက် အဂတိလိုက်စားနေသည့် ဝန်ထမ်းများသည် ယခုအချိန်အထိ ရှိနေဆဲဖြစ်သည့်အတွက် ထောက်ပြရခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပုလဲ မဲဆန္ဒ နယ်မှ ဒေါ်ခင်စန်းလှိုင်၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးနှင့် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန် ဝင်းသောင်းတို့က အကြံပြုထောက်ပြဆွေးနွေးကြသည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၈/၂ဝ၁၇)အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်ချက်များနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဝင်ငွေခွန်ကောက်ခံရရှိမှုသည် ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် ရရှိမှုကိုပင် မပြည့်မီဘဲ လျော့နည်းခဲ့သည်ကို သုံးသပ်ထားပါကြောင်း၊ ယင်းသို့ လျော့နည်းခဲ့ခြင်းမှာ ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေအရ ဝင်ငွေခွန်ဆိုင်ရာ အခွန်နှုန်းတစ်ရပ်ကို တိုးမြှင့်ခဲ့ခြင်းကြောင့်ဖြစ်ပါကြောင်း။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၁၁၈ ဒသမ ၅၁၁ ဘီလီယံ ဖြစ်သော် လည်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် ငွေကျပ် ၅ဝ ဒသမ ၆၆၈ ဘီလီယံသာ ကောက်ခံရရှိခဲ့သဖြင့် ငွေကျပ် ၆၇ ဒသမ ၈၄၃ ဘီလီယံ လျော့နည်းရရှိခဲ့သည်ကို တွေ့ရ ပါကြောင်း၊ သို့ရာတွင် ဝင်ငွေခွန်တစ်ရပ်လုံးအနေဖြင့် ကြည့်ပါက ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် ငွေကျပ် ၂၃၂၆ ဒသမ ၄ ဘီလီယံ ကောက်ခံရရှိပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၂၃၂၃ ဒသမ ၆၆၈ ဘီလီယံ ကောက်ခံရရှိခဲ့သည့်အတွက် ငွေကျပ် ၂ ဒသမ ၇၃၂ ဘီလီယံသာ လျော့နည်းရရှိခဲ့ခြင်းဖြစ်ပါကြောင်း။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် အခွန်ငွေတိုးတက်ရရှိရေးအတွက် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ငန်း ဆက်စပ်နေသော ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီဖြင့် လုပ်ငန်းလိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်၊ လုပ်ငန်း ခွင့်ပြုမိန့် စသည်တို့ကို အခွန်တာဝန်ကျေပွန်မှုရှိ၊ မရှိစိစစ် ပြီးမှ ခွင့်ပြုစေခြင်း၊ ဝင်ငွေခွန် ဥပဒေအရ ကြိုတင်ဝင်ငွေ ခွန်ကောက်ခံခြင်း၊ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေ ခွန်ပေးသွင်းစေခြင်းတို့ကို တွန်းအားပေး ကြီးကြပ် ဆောင်ရွက်ခြင်း၊ လက်ရှိ ဆောင်ရွက်နေသည့် စားသောက်ဆိုင်၊ ဟိုတယ်များက ထုတ်ပေးသော ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထုတ်ပေးစေခြင်း အစီအစဉ်ကို ရွှေထည်လက်ဝတ်ရတနာများ ရောင်းချမှုတွင်လည်း တိုးချဲ့ဆောင်ရွက်စေခြင်း၊ ဆက်လက်၍ ရုပ်သံလွှင့်မီဒီယာ ဝန်ဆောင်မှုလုပ်ငန်းတွင်လည်း တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားရှိခြင်း၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချ စေသည့် အထူးကုန်စည်များဖြစ်သော အရက်၊ ဝိုင်၊ စီးကရက်တို့အပြင် ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ်ကိုပါ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီးမှ ရောင်းချရန် တိုးချဲ့ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
အလားတူ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းတင်ပြကြသည်။
အဆိုပါအစီရင်ခံစာကို လွှတ်တော်က သဘောတူ ကြောင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ရှင်းလင်းချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး ချက်များကို လွှတ်တော်ကမှတ်တမ်းတင်သည်။
Credit: The Mirror