မြောက်ဦးမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း ဆန်စပါးစိုက်ပျိုးမှု အများဆုံး မြို့နယ်တစ်ခုဖြစ်၍ ယခုနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁ဝ ဒသမ ၃၅၆၃ ဘီလီယံအထိ ထုတ်ချေးသွားရန်လျာထားကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေ ရယူလိုသည့် တောင်သူလယ်သမားများကို လယ်တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးလျက် ရှိကြောင်း မြောက်ဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးမိုးဇော်ရွှေက ပြောသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေချေးရန် ကျန်ရှိ နေသောတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး လျက်ရှိကြောင်း မြောက်ဦးမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
လက်ရှိအချိန်တွင် မြောက်ဦးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများက မိုးစပါးများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ပြီး ယမန်နှစ်က စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးဆပ်သည့် တောင်သူလယ်သမားများအား ယခုနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Credit: MOI Webportal Myanmar