အမရပူရမြို့နယ် တောင်သမန်အင်းအနီး တည်ဆောက်နေသော တောင်သမန်သစ္စာ စီမံကိန်းကို မန္တလေးတိုင်းအစိုးရက ခွင့်ပြုထားသည့် အပိုင်း ၁ ကိုသာ ပြုလုပ်နေခြင်းဖြစ်ကြောင်း အဆိုပါစီမံကိန်း ဒါရိုက်တာ ဦးထွန်းဝင်းနောင်က ပြောကြားသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်း လုပ်ကိုင်ခွင့်ရရန် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံ ခွင့်ပြုချက် တင်ထားကြောင်း၊ တောင်သမန်သစ္စာ စီမံကိန်းတွင် အပိုင်း လေးပိုင်း ပါဝင်မည်ဖြစ်ရာ လက်ရှိ တည်ဆောက်နေသော အပိုင်း ၁ သည် ၄၄ ဒသမ ၂၇ ဧကရှိကြောင်း၊ လတ်တလောတွင် မြေသားပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ၎င်းက ပြောဆိုသည်။
“မနှစ်က စက်တင်ဘာလ ၇ ရက်နေ့မှာ မြို့တော်ဝန်ပါတဲ့ တိုင်းအစိုးရ အဖွဲ့ဝင်တွေ ရောက်လာပြီး ဒီစီမံကိန်းကို စိစစ်ဖို့ရှိတဲ့အတွက် လုပ်ငန်း ရပ်ထားဖို့ တားခဲ့တယ်။ စာလည်း ထုတ်ခဲ့တယ်။ အဲဒီ တားမြစ်စာထဲမှာ အပိုင်း ၁ ကို လုပ်လို့ရတဲ့ အကြောင်းပါပေမယ့် ကျွန်တော်တို့ မလုပ်ခဲ့ဘူး။ နောက်ထပ် ရှစ်လအကြာ ဒီနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြန်ခွင့်ပြုတယ်။ အပိုင်း ၁ ကိုပဲ ကျွန်တော်တို့ လုပ်နေပါတယ်။ ကျန်တာတွေ မလုပ်ရသေးပါဘူး”ဟု ဦးထွန်းဝင်းနောင်က ရှင်းပြသည်။
တောင်သမန်သစ္စာ စီမံကိန်း အပိုင်း ၁ သည် တောင်သမန်အင်း အရှေ့ဘက် တောင်သမန်ကျေးရွာ၊ ဦးပိန် တံတားအနီးတွင်ရှိပြီး ယင်းနေရာကို အပန်းဖြေနေရာအဖြစ် ဖန်တီးသွားမည်ဖြစ်ကာ ပေလေးဆယ်ခန့်ရှိသော သရီးစတားအဆင့် ဟိုတယ်ခြောက်လုံး ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း တောင်သမန်သစ္စာ ကုမ္ပဏီထံမှ သိရသည်။
ယင်းစီမံကိန်းသို့ တိုင်းအစိုးရ တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများရှိကာ နှစ်ပတ်တစ်ကြိမ် Report တင်ပြရမှုများရှိကြောင်း မန္တလေး တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါစီမံကိန်းကို ယခင်အစိုးရ လက်ထက် မန္တလေး တိုင်းဝန်ကြီးချုပ် ဦးရဲမြင့် ဦးဆောင်သော အစိုးရအဖွဲ့က ခွင့်ပြုခဲ့ခြင်းဖြစ်ရာ ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်နေ့တွင် မြေ ၄၀ ဒသမ ၂၇ ဧက၊ ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြေ ၅၈ ဒသမ ၈၃ ဧက ခွင့်ပြုပေးခဲ့သည်။
Credit: The Voice