တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၀ယ်လက်များအကြား စိတ်ဝင်စားမှု ဆက်လက်အားပျော့နေခဲ့သဖြင့် ယခုနှစ်ဇွန်လ၏ ကြိုပွိုင့်အိမ်ရောင်းအား
သည် တတိယမြောက် ဆက်တိုက်ကျဆင်းသည့်လအဖြစ် ကျဆင်းခဲ့ကြောင်း ယခုနောက်ဆုံးရဈေးကွက်အချက်အလက်များက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လ (ဇွန်) က ရှန်ဟိုင်းမြို့တစ်ဝန်း ကြိုပွိုင့်အိမ် ၁၂,၂၀၀ ခန်း ရောင်းထွက်ခဲ့ပြီး မေအောက် ၁၆ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းကာ ယမန်နှစ်ဇွန်အောက် ၄၉ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေကုမ္ပဏီ Shanghai Homelink Real Estate Agency Co က ဇူလိုင် ၇ တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
"ပြီးခဲ့တဲ့လက ရောင်းအားဟာ ၂၀၁၁ နောက်ပိုင်း တတိယအနိမ့်ဆုံးဇွန် ဖြစ်စေခဲ့ပါတယ်။ အိမ်ဝယ်ယူခွင့်စည်းမျဉ်းတင်းကျပ်မှုတွေနဲ့ အိမ်ချေးငွေစည်းမျဉ်းတင်းကျပ်မှုတွေကို တင်းတင်းကျပ်ကျပ်ပြဋ္ဌာန်းထားဆဲ ဖြစ်တာကြောင့် ၀ယ်လက်တွေရဲ့ စိတ်ဝင်စားမှုကို လျော့နည်းနေစေတာပါ" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ "ရောင်းအား အခန်းပေါင်း ၁သောင်းခွဲအောက်မှာပဲ ရှိနေဆဲ ဖြစ်နေတာကလည်း ၀ယ်လိုအားအဟုန်သိသိသာသာ လျော့နည်းတာကို ပြနေပါတယ်" ဟုလည်း ဖော်ပြထားသည်။
၂၀၁၇ ပထမနှစ်ဝက်အတွင်း ရှန်ဟိုင်းတွင် ကြိုပွိုင့်အိမ်ခန်း ၇၉,၃၀၀ ရောင်းချခဲ့ရပြီး ယမန်နှစ်၏ ပထမနှစ်ဝက်အောက် ၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ရှန်ဟိုင်းတွင် အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ ယခုနှစ် ဇန်န၀ါရီမှ ဇွန်အကြား အိမ်သစ်ရောင်းချရမှုသည်လည်း ၂၉,၃၀၀ ခန်း ဧရိယာအားဖြင့် ၃ ဒသမ ၅၇ သန်း စတုရန်းမီတာ ရှိခဲ့ပြီး ယမန်နှစ် ထိုကာလရောင်းအားအောက် ၅၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေကုမ္ပဏီ Shanghai Homelink Real Estate Agency Co က ဇူလိုင် ၃ တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com