မြန်မာနိုင်ငံတွင် လူဦးရေ ထူထပ်ပြီး ဖွံ့ဖြိုးမှု အများဆုံးမြို့မှာ ရန်ကုန်မြို့ ဖြစ်သည်။ အလောင်းမင်းတရားကြီးက ရန်ကုန်မြို့ဟူ၍ ခရစ်နှစ် ၁၇၅၅ ခုနှစ်က တည်ထောင် အမည်သမုတ်ခဲ့သည့် သစ်တပ်မြို့လေးမှ ကိုလိုနီခေတ်တွင် ရန်ကုန်မြို့တော် အဖြစ် စနစ်တကျ တည်ဆောက်ခဲ့ပြီး နောက်ပိုင်း မြို့တော်ကြီး အဖြစ် တည်ဆောက် ထားခဲ့ရာမှာ ယခုအခါ နှစ်ပေါင်း ၂၆၂ နှစ်ရှိခဲ့ပြီ ဖြစ်သည်။
ရန်ကုန်မြို့တော်မှာ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း ခရီးများ ဆုံရပ်ဖြစ်သောကြောင့် လူနေမှုဘ၀နှင့် ကူးသန်း ရောင်းဝယ် ဖောက်ကားမှု အချက်အချာကျသည့် မြို့တော်အဖြစ် ဖြစ်တည်နေသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ မြို့တည်ဆောက်မှုပုံစံနှင့် အရေးပါသည့် အနေအထား ကောင်းများ ရှိသောကြောင့် အာရှတွင် အကောင်းဆုံး မြို့တစ်မြို့အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရဖူးသည်။ သို့သော် တစ်စတစ်စ ထူထပ် များပြားလာသော လူဦးရေနှင့် ပြန့်ကား ကျယ်ပြန့်လာသော မြို့တည်ဆောက်မှု ပုံစံအရ မွန်းကျပ်သော မြို့တော်ကြီး အဖြစ် တည်ရှိနေသည်ကို မြင်တွေ့ ခံစားရမည် ဖြစ်သည်။
ယင်းသို့သော အခြေအနေကို ပြန်လည်ကုစား ပြုပြင်ဆောင်ရွက်ရန် အတွက် မြို့တာဝန်ရှိသူများက နည်းအမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပိုမို ကောင်းမွန်သော အခြေအနေသို့ မရောက်နိုင်သေးဟု ဆိုရမည်ဖြစ်သည်။ မြို့ကို အထက်သို့ တစ်စတစ်စ တိုးချဲ့ဖြန့်ထွက် တည်ဆောက်ခဲ့ပြီး ရန်ကုန် ပြင်ပမြို့နယ်များ စည်ကားလာသည်မှာ ကောင်းသော လက္ခဏာ ဖြစ်သည်။ သို့သော် ရန်ကုန်၏ အဓိကဗဟိုချက်မှာ မူလမြို့တွင်းသာ ဖြစ်၍ သွားလာ ဆက်သွယ်ရေးတွင် နိစ္စဓူဝဗဟိုသို့သာ ဦးတည်ခဲ့ရာ ပိတ်ဆို့ ကျပ်တည်းမှုများ ကြုံတွေ့လာရသည်။
ယခုအခါ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များနှင့် မြို့တာဝန်ရှိသူများ ပူးပေါင်းကာ ရန်ကုန်မြို့ကြီး စနစ်ကျ ဖွံ့ဖြိုးတိုးတက်လာရေးကို ကြံဆ ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ အချက်အချာ ကျသည်ဆိုရာ၌ ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်း အားလုံး ပေါင်းဆုံသော အရပ်ဖြစ်၍ အထက် ကုန်းတွင်းသို့ မြို့တိုးချဲ့ခြင်းဖြင့် ပိတ်ဆို့ ကျပ်တည်းခြင်းနှင့် ကြုံတွေ့ရခြင်းဟု ဆိုရမည်ဖြစ်သည်။
ဇူလိုင် ၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်း၏ အသင်းသား စုံညီအစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ အနာဂတ် ရန်ကုန်မြို့အတွက် စိတ်ကူးပုံဖော် မျှော်မှန်းထားမှုမှာ ကောင်းမွန်သည်ဟု ဆိုရမည်။ ရန်ကုန်တိုင်းဒေသကြီး၏ ကုန်းတွင်း မဟုတ်သော ပင်လယ်ဘက် အောက်ပိုင်းဒေသဖြစ်သည့် ကော့မှူး၊ ကွမ်းခြံကုန်းဒေသတွင် လေဆိပ်အသစ်တစ်ခု တည်ဆောက်ရန် မျှော်မှန်းချက် ဖြစ်သည်။
ယခုလက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခင်က မြို့ပြင်ဖြစ်သော မင်္ဂလာဒုံတွင် တည်ခဲ့ပြီး ပြည်တွင်း ပြည်ပခရီးသွားများ အဓိက အားထား သွားလာလျက် ရှိသည်။ တစ်ချိန်က မြို့ပြင် ဖြစ်သော်လည်း ယခုအခါ မြို့လယ် ဖြစ်လာသောကြောင့် အချက်အချာကျသော လေယာဉ်ကွင်းကြီးသို့ သွားလာမှု ခက်ခဲလာသည်။ ရန်ကုန်မြို့ အဓိက အဝေးဆက်သွယ်ရေး ဖြစ်သည့် ရေကြောင်းနှင့် လေကြောင်းခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးတွင် အခက်အခဲရှိသည်။ ထို့ကြောင့် မြေနေရာ အနေအထား ပြန့်ပြူးကောင်းမွန်ပြီး လမ်းပန်း ဆက်သွယ်မှု အသစ်တစ်ခု ဖြစ်လာမည့် ကွမ်းခြံကုန်း၊ ကော့မှူးဒေသတွင် နိုင်ငံတကာ လေဆိပ်တစ်ခု တည်ဆောက်ရေးမှာ လျော်ကန် သင့်မြတ် ကောင်းမွန်သည်ဟု ထင်မြင် ယူဆမိပါသည်။
နိုင်ငံတကာရှိ မြို့တော်ကြီးအချို့မှာ ပင်လယ်ဆိပ်ကမ်းမြို့ကြီးများ ဖြစ်ပြီး မြို့အသစ်ကို ကုန်းတွင်းထက် ပင်လယ်ဆိပ်ကမ်းများကို အားထားကြသည်။ မြန်မာနိုင်ငံတွင် ပင်လယ်ဆိပ်ကမ်းနေရာများစွာရှိပြီး ရန်ကုန်မြို့မှလွဲ၍ အဓိကအချက်အချာကျပြီး ခိုင်မာအားကောင်းသည့် နိုင်ငံတကာပင်လယ် ဆိပ်ကမ်းမြို့တော်ကြီး မပေါ်ပေါက်သေးချေ။ ရန်ကုန်မြို့တော်မှာလည်း ပင်လယ်ဝမှ ရန်ကုန်မြစ်အတွင်း ဝင်ရောက်နိုင်သောမြို့ဖြစ်ပြီး ရန်ကုန်မြစ်ကိုသာ အားကိုးရသည်။
ယခုအကောင်အထည်ဖော်ရန် စိတ်ကူးထားသည့် ကော့မှူး၊ ကွမ်းခြံကုန်း ဒေသတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခု တည်ဆောက်နိုင်မည် ဆိုလျှင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ဆိပ်ကမ်းမြို့တော်သစ် ပေါ်ပေါက်လာမည်ဖြစ်ပြီး ပင်လယ်ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းခရီးများအတွက် အဟန့်အတားမရှိ လွယ်ကူချောမွေ့စွာ ကူးသန်းသွားလာနိုင်မည်ဖြစ်သည်။
သို့သော် စီမံကိန်းတစ်ခုလျာထားဆောင်ရွက်လျှင် ဒေသခံနှင့် စီမံကိန်းလုပ်ငန်းများကို ဥပဒေနှင့်အညီ အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ခါတော်မီ အခွင့်အရေးသမားနှင့် အဟန့်အတားဖြစ်နိုင်သည်တို့ကို သတိမူဖို့လိုမည်။
နိုင်ငံတော်နှင့် ပြည်သူများ အတွက် အကျိုးရှိမည့် စီမံကိန်းများကို ကြိုဆို အားပေးရမည် ဖြစ်သည်။ နိုင်ငံအတွက် ရိုးသား ဖြောင့်မတ်စွာဖြင့် အနာဂတ်ကို မြော်တွေးပြီး စိတ်ရင်းစေတနာ ကောင်းထားကာ ဆောင်ရွက်မည့် စီမံကိန်းများတွင် နားလည်မှုရှိစွာဖြင့် အသိတရားရှိရှိ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်။ နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သော စီမံကိန်းများကို အားပေး ကူညီကြရမည် ဖြစ်သည်။ ။
Credit: MOI Wbportal Myanmar