ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အိမ်ခြံမြေ ဈေးကွက်မှာ ဒေသတွင်း မတည်ငြိမ်မှုများကြောင့် မြေအရောင်းအဝယ်အေးနေပြီး အငှားဈေးကွက် ကောင်းမွန်နေကြောင်း လားရှိုးမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်များထံမှသိရှိရသည်။ ၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေ အရောင်းအဝယ်မှာ အနည်းငယ်ဖြစ်နေခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် နယ်မြေ မတည်ငြိမ်ခြင်းကြောင့် အရောင်းအဝယ်ကျဆင်းခဲ့ကြောင်း လားရှိုးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးတင်သန်းက ပြောသည်။
“ဒီနှစ်မှာ တိုက်ပွဲတွေက ရှမ်းမြောက်ရဲ့ နေရာတော်တော်များများမှာ ဖြစ်နေကြတယ်။ တိုက်ပွဲရှောင်တွေက လားရှိုးကို လာတာများတယ်။ တိုက်ပွဲတွေဖြစ်နေတော့ အဓိက တရုတ်လုပ်ငန်းရှင်တွေ အဝယ်မလိုက်လို့ အိမ်ခြံမြေလုပ်ငန်း အေးသွားတာဖြစ်တယ်။ အိမ်ခန်းငှားတွေတော့ အဆင်ပြေတယ်လို့ကြားမိတယ်။’’ဟု ဦးတင်သန်းက ပြောသည်။ တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ စစ်ဘေးရှောင်လာသူ အများစုမှာ လားရှိုးမြို့တွင် အိမ်ငှား၍ လုပ်ကိုင်စားသောက် နေခြင်းကြောင့် လားရှိုးအိမ်ငှားဈေးကွက် ကောင်းမွန်နေကြခြင်းဖြစ်ကြောင်း လားရှိုးမြို့ရှိ အိမ်ခြံမြေအကျိုး ဆောင်များထံမှ သိရသည်။
“အိမ်ခြံမြေအရောင်းအဝယ်က အေးသွားတယ်။ အိမ်ငှားနေတဲ့သူတွေ များလာတော့ အိမ်ငှားရှာပေးတဲ့သူတွေ အဆင်ပြေနေတယ်။ ဘယ်နှစ်လချုပ်ချုပ်၊ ပွဲစားက တစ်လစာရတယ်။ ဒီတော့ အဆင်ပြေတာပေါ့။ တိုက်ပွဲရှောင် လာတဲ့သူအများစုကတော့ မပြန်ကြတော့ဘဲ ဒီမှာပဲ အိမ်ငှားပြီးနေကြတာများလာလို့ အိမ်ငှားတွေ အလုပ်ဖြစ်နေတာပါ။ ’’ဟု လားရှိုးမြို့ရှိအိမ်ငှားပွဲစား ဒေါ်အေးမေက ပြောသည်။
လားရှိုးမြို့အနီးတဝိုက်ဒေသများမှ စစ်ဘေးရှောင်အများစုမှာ လားရှိုးမြို့သို့ရောက်ရှိ၍ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်လာရာမှ အချိန်ကြာသောအခါ လားရှိုးမြို့တွင် တစ်လလျှင် (၅)သောင်းကျပ်ဖြင့် အိမ်ငှား၍ နေထိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
Credit: Yangon Media Group