တရုတ်နိုင်ငံတွင် ပိုမိုတင်းကျပ်ထားသော အိမ်ခြံမြေစည်းမျဉ်းများကြောင့် အိမ်ရာဈေးကွက်သည် ယခု ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆက်လက်
တည်ငြိမ်မည်ဖြစ်ကြောင်း ကမ္ဘာ့အကဲဖြတ်အေဂျင်စီ Fitch Ratings က ယခုတနင်္လာ (ဇူလိုင် ၃) တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
ယခုနှစ်ဒုတိယနှစ်ဝက်တွင် ၀ယ်လိုအား အားပျော့လာသည့်အကြား အိမ်ဈေးများ အနည်းငယ်ကျဆင်းပြီး၊ အိမ်ဝယ်ယူမှုကန့်သတ်တင်းကျပ်မှုများနှင့်အတူ အားပျော့လာသော အကြွေးဝယ်မှုက အိမ်ရောင်းအားဖွံ့ဖြိုးမှုကို ဆွဲချနိုင်ကြောင်း ၎င်းက ခန့်မှန်းခဲ့သည်။
ယခုနှစ် ဒုတိယနှစ်ဝက်၌ နိုင်ငံအနှံ့တွင် အိမ်ရောင်းအား မကျဆင်းဘဲ တန့်နေမည်ဖြစ်သည်။ ဈေးကွက်သိသိသာသာနာလန်ပြန်ထူလာမှုကို ရှောင်ရှားရန် အစိုးရက ဂရုတစိုက်ချဉ်းကပ်ဆောင်ရွက်နိုင်သဖြင့် ဖြစ်သည်။
ဈေးနှုန်းအားဖြင့်လည်း ၀ယ်လိုအား ဆက်လက်ကောင်းပြီး မြေရောင်းလိုအား ကျပ်တည်းမည့် ပထမတန်းစားမြို့ကြီးများရှိ အိမ်ဈေးများသည် ၀ယ်လိုအား အားပျော့ပြီး developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချ
သူ) များ၏ အိမ်ရာဆောက်လုပ်မှု ပိုမိုမြင့်တက်လာသော ကျန်မြို့ကြီးများထက် ပိုမိုကောင်းမည်ဟု Fitch က ခန့်မှန်းထားသည်။
ရောင်းအားဖွံ့ဖြိုးမှုနှုန်းက မေတွင် ယမန်နှစ်မေအောက်
၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းနှင့်အတူ တရုတ်အိမ်ရာဈေးကွက်သည်ဖွံ့ဖြိုးမှုနှေးကွေးလာသည်။ နိုဝင်ဘာလကုန်မှစတင်ကာ ဒေသအများအပြားတွင် စည်းမျဉ်းတင်းကျပ်ပြီးနောက် ယခုနှစ်စကတည်း ငါးလဆက်တိုက် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
တရုတ်အဓိကမြို့ကြီးအများအပြားတွင် အိမ်ခြံမြေဈေးကစားမှုများကို ထိန်းချုပ်ရန်နှင့် အိမ်ဈေးမြင့်တက်မှုနှုန်း မြန်ဆန်မှုကို လျှော့ချရန် အာဏာပိုင်များက အိမ်ဝယ်ယူမှုဆိုင်ရာကန့်သတ်မှုများ၊
လက်ငင်းငွေချေရသည့် ပမာဏတိုးမြှင့်မှုများနှင့် အိမ်ဝယ်ယူမှုချေးငွေ
အတိုးနှုန်းတိုးမြှင့်မှုများနှင့်တစ်ဆင့်ပြန်လည်ရောင်းချခွင့်
အချိန်ကာလတိုးမြှင့်မှုများ အပါအ၀င် အိမ်ခြံမြေစည်းမျဉ်းများစွာကို တင်းကျပ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com