အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဆာဖာဘလပ်ဖ်မြို့  တွင် ဧကပေါင်း ၁၄၅၀၀ ကျယ်ဝန်းသည့် အပန်းဖြေစခန်းဟန် မွေးမြူရေးခြံကြီး အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရောင်းချမည့်ခေါ်ဈေးအတိအကျမရှိသော်လည်း သန်းဆယ်ဂဏန်းမျှဖြင့် ရောင်းချမည်ဖြစ်ကြောင်း အရောင်းဈေးကွက်တင်သည့် အကျိုးဆောင်တို့က ဆိုသည်။
“ဒေါ်လာ သန်း ၅၀ ဝန်းကျင်လောက်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု အကျိုးဆောင်တစ်ဦးဖြစ်သူ ဘားနတ် ယုထရစ်ဇ်က ပြောကြားသည်။
ခြံဝန်းကြီးကို The Reserve ဟု အမည်ပေးထားပြီး လွန်ခဲ့သော နှစ်အတွင်းကလည်း အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
အိပ်ခန်းပေါင်း ၄၆ ခန်း၊ ရေချိုးခန်း ၅၀ အပြင်ဧည့်ဂေဟာများလည်း များစွာပါဝင်ကာ ယုဇနပင်များ ဝန်းပတ်ထားသည်။
ရေမြောင်းများ၊ ရေကန်များ၊ စားကျက်မြေများအပြင် ၁၇ ဧက ကျယ်ဝန်းသော စပျစ်ခြံလည်း ပါဝင်သည်။
ခြံဝန်းကြီးမှာအလွန်ပင် ကျယ်ဝန်းလှသောကြောင့် အမဲလိုက်ခြင်း၊ ငါးမျှားခြင်း၊ သေနတ်ပစ်ခြင်းနှင့် အခြားပြင်ပလှုပ်ရှားမှုများစွာ ပြုလုပ်နိုင်သည်။
အပူချိန်ထိန်းချုပ်နိုင်ကာ ရေဂါလန်ပေါင်း ၅၀၀၀၀ ဖြည့်သွင်းထားသည့် ရေကူးကန်၊ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင် အများအပြား၊ ပုလင်း ၂၈၀၀ ဆန့် ဝိုင်သိုလှောင်ခန်းတစ်ခု၊ ပစ္စည်းအစုံအလင်ထည့်သွင်းထားသော အလှပြင်ခန်းမတစ်ခုတို့လည်း ပါဝင်သည်ဟု ဆိုသည်။
ဒါးလက်စ်မြို့ မှ မိုင် ၉၀ ခန့်အကွာတွင် တည်ရှိသော The Reserve သည် ကမ္ဘာပေါ်တွင် အကျယ်ဝန်းဆုံး အမဲလိုက်ခြံဝန်းကြီး ဖြစ်နိုင်ကြောင်း ဈေးကွက်တင်သည့် အကျိုးဆောင်က ဆိုသည်။
The Reserve ခြံကြီးကို လစ်ခ်ျတန်စတိန်းမင်းသားပိုင်ဆိုင်ဖူးပြီး နောက်ပိုင်းတွင် စတိဗ် ဟေ့ဂ်ျမန်းက ဝယ်ယူလိုက်သည်။
စတိဗ် ဟေ့ဂ်ျမန်းသည် ပြောင်းနှင့် ပဲပိစပ်ဦးစားပေးထုတ်လုပ်သည့် ထိပ်တန်းစိုက်ပျိုးရေးကုမ္ပဏီတစ်ခုဖြစ်သော The Hageman Group ၏ ဥက္ကဌဖြစ်သည်။ဟေ့ဂ်ျမန်းမိသားစုသည် ယခုခြံကြီးကို ၂၀၀၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)