အင်္ဂလန်နိုင်ငံ၏ မြို့တော်လန်ဒန်တွင် ဂရန်းဖဲလ်တာဝါ မီးသင့်မှုဖြစ်ပွားပြီးနောက် အခြားမိုးမျှော်တိုက်များကို မီးဘေးအန္တရာယ် ကာကွယ်ရေး အခြေအနေ စစ်ဆေးမှုများပြုလုပ်ရာ မိုးမျှော်တိုက်
၃၄ ခုမှာ မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းကြောင့် နေထိုင်သူအားလုံးကို ပြောင်းရွှေ့မိန့်ထုတ်ပြန်ကာ ရွှေ့ပြောင်းမှုများ ပြုလုပ်စေခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဗြိတိန်အရာရှိများသည် အင်္ဂလန်နိုင်ငံတစ်ဝန်းရှိ မိုးမျှော်တိုက်ပေါင်း
၆၀၀ ခန့်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ဇွန်လ ၁၄ ရက်က လန်ဒန်အနောက်ပိုင်းရှိ ဂရန်းဖဲလ်တာဝါ မီးသင့်မှုတွင် အနည်းဆုံး လူပေါင်း ၇၉ ဦးသေဆုံးခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အင်္ဂလန်တွင် အသေအပျောက်အများဆုံး မီးသင့်မှုလည်း ဖြစ်သည်။
အင်္ဂလန်နိုင်ငံတစ်ဝန်း နေရာပေါင်း ၁၇ နေရာရှိ မိုးမျှော်တိုက် ၃၄ ခုမှာ မီးဘေးအန္တရာယ် စိုးရိမ်ရမှုတွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အရှေ့တောင်ပိုင်းတွင်
လန်ဒန်၊ မြောက်ပိုင်းတွင် မန်ချက်စတာနှင့် အနောက်တောင်ကမ်းရိုးတန်းဒေသတွင်
ပလိုင်းမောက်အထိ ပါဝင်သည်။
ဂရန်းဖဲလ်တာဝါမီးသင့်မှုတွင် အစိုးရ၏ ကနဦးကိုင်တွယ်လုပ်ဆောင်မှုများ နှေးကွေးခဲ့ခြင်းအပေါ် ဝန်ကြီးချုပ် ထရီဆာမေက တောင်းပန်ခဲ့ပြီး ယခုအခါတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အစိုးရအာဏာပိုင်များက အရှိန်အဟုန်ဖြင့်
ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားသည်။
လန်ဒန်မြောက်ပိုင်း၊ ကမ်ဒန်အရပ်၊ ချယ်လ်ကော့ထ်အိမ်ရာမှာ မီးဘေးအန္တရာယ်စိတ်မချရကြောင်း မီးသတ်ဌာနက ထုတ်ပြန်လိုက်ပြီးနောက် နေထိုင်သူ ၄၀၀၀ ခန့်ကို နေအိမ်ခန်းများမှ ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့သည်။
ကလေးများ၊ အိမ်မွေးတိရ စ္ဆာန်များ၊ အဝတ်အစားအချို့နှင့် အစားအသောက်အချို့ ယူဆောင်ကြကာ တည်းခိုရန်အတွက် မိတ်ဆွေသူငယ်ချင်း၊ ဟိုတယ်ခန်းများသို့ ညအချိန်တွင် ရှာဖွေခဲ့ကြရသည်ဟု ဆိုသည်။
လူများစွာကမူ ဒေသတွင်း အားကစားခန်းမများရှိ
ကြမ်းပြင်ပေါ်တွင် အိပ်ယာခင်းကာ အိပ်စက်ခဲ့ကြသည်။
“ဒါက ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့်
ဂရန်းဖဲလ်က အရာရာကို ပြောင်းလဲစေခဲ့တယ်” ဟု ကမ်ဒန်ကောင်စီ
ခေါင်းဆောင် ဂျော်ဂျီယာ ဂို့ဒ်က ပြောကြားသည်။
ပြည်သူများ နေရေးထိုင်ရေးအဆင်ပြေစေရေးအတွက် ဒေသတွင်း အာဏာပိုင်အဖွဲ့က အစစအရာရာ အကူအညီပေးကြလိမ့်မည်
ဖြစ်ကြောင်း ထရီဆာမေက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)