တရုတ်၏ စတုတ္ထအကြီးဆုံးပြည်နယ်ဖြစ်သော
နိုင်ငံအနောက်မြောက်ပိုင်းရှိ ချင်ဟိုက်ပြည်နယ်တွင် နေရောင်ခြည်၊ လေ၊ မိုး၊ ဒီရေ၊ သစ်ပင်၊ ရေညှိနှင့် ကမ္ဘာ့အပူ တို့ကဲ့သို့သော သဘာဝရင်းမြစ်များမှ
ဖြစ်လာသော စွမ်းအင် ခေါ် ဂရင်းအင်နာဂျီကို အသုံးပြုနိုင်ရန်
စမ်းသပ်မှုတစ်ခုအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုသာ
ခုနစ်ရက်တာ အသုံးပြုခဲ့ကြောင်း သိရသည်။
ထိုဒေသတွင် နေထိုင်ကြသော လူ ၆ သန်းသည် ဇွန် ၁၇ မှ ၂၃ ရက်အထိ ခုနစ်ရက်တာအတွင်း သူတို့၏ လျှပ်စစ်စွမ်းအင်ရင်းမြစ်အဖြစ် ရေအား၊ လေအားနှင့် နေရောင်ခြည်တို့ကိုသာ အသုံးပြုခဲ့ကြသည်။
ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင်ရယူခြင်းအား အလွန်အမင်းလျှော့ချနိုင်ရန် ဖြစ်နိုင်ကြောင်း သက်သေပြသောအားဖြင့် ၎င်းစမ်းသပ်မှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံ
သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ယင်းပြည်နယ်သည် ကျောက်မီးသွေး တန်ချိန် ၅၃၅,၀၀၀ တန်အား လောင်ကျွမ်းစေခြင်းမှ ရရှိသည့် စွမ်းအင်နှင့် ညီမျှသော
ပမာဏဖြစ်သည့် ၁ ဒသမ ၁ ဘီလျံ kWh ကို
၎င်းသီတင်းပတ်အတွင်း အသုံးပြုခဲ့သည်။
တရုတ်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အား
ပြောင်းလဲအသုံးပြုမည့် ကောင်းမွန်သော
လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်ကြောင်းကို ထိုစမ်းသပ်မှုက ညွှန်ပြလိုက်ခြင်း ဖြစ်ပေသည်။
"သန့်စင်တဲ့စွမ်းအင်ဆိုတာ အဆုံးစွန်သောနည်းလမ်းပါပဲ။ ရုပ်ကြွင်းလောင်စာပေါ်မှာ မှီခိုနေမှုနဲ့ ကာဗွန်ထွက်ရှိမှုကို လျှော့ချပြီး စွမ်းအင်ပုံစံကို ပိုမိုတိုးတက်ကောင်းမွန်စေဖို့ လိုပါတယ်" ဟု ချင်ဟိုက်ဂရစ်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဟန်ထီက
ပြောကြားခဲ့သည်။
ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်အား မှီခိုမှုနှင့်ပတ်သက်၍ အဓိကစိုးရိမ်မှုတစ်ခုမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များသည် ကျောက်မီးသွေးစက်ရုံများကဲ့သို့ တည်ငြိမ်မည်မဟုတ်သဖြင့် ရရှိနိုင်သော လျှပ်စစ်ဓာတ်အားတွင် အတက်အကျရှိခြင်း ဖြစ်သည်။ သို့သော်လည်း ချင်ဟိုက်ပြည်နယ်သည် ထိုစမ်းသပ်ကာလအတွင်းမူ ယင်းပြဿနာကို မကြုံတွေ့ခဲ့ရပေ။
ချင်ဟိုက်ပြည်နယ်သည် တစ်နှစ်လျှင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်
၁၁၀ ဘီလျံ kWh ကို ပေးစွမ်းနိုင်သော ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် kW ၃၅ သန်းကို ၂၀၂၀ ပြည့်နှစ်မကုန်မီ ထူထောင်ရန် စီစဉ်ထားသည်။
လက်ရှိတွင် ၁၉ ဒသမ ၇ သန်း kW တပ်ဆင်ထူထောင်
ပြီး ဖြစ်သည်။ တရုတ်သည် ၂၀၃၀ ပြည့်နှစ်မကုန်မီ
၎င်း၏ စွမ်းအင်အသုံးပြုမှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်လာစေရန်
စီစဉ်နေကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com