သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မြောက်ပိုင်း၊ ကာလ်တန်အရပ်ရှိ အချုပ်ခန်း ၆ ခန်းပါ ရဲစခန်းအဆောက်အအုံကို နေအိမ်အဖြစ်နေထိုင်မည့်
ဇနီးမောင်နှံ ၂ ဦးသို့ သြစတေးလျဒေါ်လာ ၄ သန်းဖြင့်
ရောင်းချလိုက်ကြောင်း ကင်ဘာရာအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ရဲစခန်းအဆောက်အအုံကြီးကို လူနေအိမ်အဖြစ်ပြောင်းလဲရန်အတွက် ဝယ်လက်တို့သည် ဒေါ်လာ ၁ ဒသမ ၅ သန်းမှ ၂ သန်းအကြားထပ်မံကုန်ကျဖွယ်ရှိကြောင်းနှင့် ကာလ်တန်တွင် ဈေးအကြီးဆုံးနေအိမ်အဖြစ် စံချိန်တင်ဖွယ်ရှိကြောင်း အရောင်းဈေးကွက်တင်ခဲ့သည့် Jellis Craig – Fitzroy
ကုမ္ပဏီမှ ဆိုင်မွန် ရှရင့်ပ်တန်က ခန့်မှန်းသည်။
ဝယ်ယူလိုက်သည့်ဇနီးမောင်နှံမှာ မဲလ်ဘုန်းအရှေ့ပိုင်းတွင် နေထိုင်သူများဖြစ်ကြသည်။
အဆိုပါအဆောက်အအုံကို ရဲစခန်းအဖြစ် နှစ်ပေါင်း ၁၃၀ ကြာအသုံးပြုခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပိတ်သိမ်းခဲ့ပြီး ယင်းနောက်ပိုင်းကတည်းက နေထိုင်သူမရှိသေးချေ။
၁၈၇၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး နောင် ၉ နှစ်အကြာတွင် ကာလ်တန်၏ လူဦးရေမြင့်တက်လာခြင်းကြောင့် ရဲစခန်းကို တိုးချဲ့ဆောက်လုပ်ခဲ့သည်။
ပိုင်ရှင်သစ်များသည် လက်ရှိအားဖြင့် ပြုပြင်မွမ်းမံရေးများ အသေးစိတ်ပြုလုပ်ရန် သုံးသပ်လျက်ရှိရာ အချုပ်ခန်းများကို မည်သို့မည်ပုံ အသုံးပြုမည်ဟူသောအချက်လည်း ပါဝင်သည်။
“ဒီအခန်းတွေကို ဝိုင်သိုလှောင်ခန်း (ဒါမှမဟုတ်) တခြားတစ်ခုခု ဘယ်လိုအသုံးပြုရမလဲဆိုတာ ကျွန်တော်စဉ်းစားနေတုန်းပါပဲ” ဟု ဝယ်ယူလိုက်သူက ဆိုသည်။
ကာလ်တန်ရဲစခန်းအချုပ်ခန်းတွင် နာမည်ကျော်ရာဇဝင်လူဆိုးကြီးများကို ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးရာ ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း နာမည်ကျော်ဂိုဏ်းစတားတစ်ဦးဖြစ်သူ လက်စ်လီ တေလာ၊ မဲလ်ဘုန်းတွင် ကြီးစိုးမင်းမူခဲ့ဖူးသော Carlton Crew လူဆိုးဂိုဏ်းမှ ဂိုဏ်းသားများ၊ သြစတေးလျတွင် နောက်ဆုံးကြိုးပေးခံခဲ့ရသည့် အမျိုးသမီးဖြစ်သော ဂျင်းလီနှင့် သူမ၏အမှုတွဲများဖြစ်သော ရောဘတ် ကလေတန်၊ နော်မန် အင်ဒရူးစ်တို့ကို ထိန်းသိမ်းထားခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)