ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အားပျော့လာသောစီးပွားရေးနှင့် မြင့်မားလာသော လူသားအရင်းအမြစ် (၀န်ထမ်း၊ လုပ်သား) ကုန်ကျစရိတ်တို့နှင့် ရင်ဆိုင်ရုန်းကန်
လာခဲ့ရသည့် စင်္ကာပူနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဌသည်
အစိုးရကလာမည့်နှစ်နှစ်အတွင်းအများပြည်သူကဏ္ဌအခြေခံ
အဆောက်အအုံစီမံကိန်းများတွင် စင်္ကာပူဒေါ်လာ သန်း ၇၀၀ သုံးစွဲရန် စီစဉ်နေမှုကြောင့် ယခုနှစ်တွင် ပိုမိုအခြေအနေကောင်းလာမည်ဟု ခန့်မှန်းရကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော
စင်္ကာပူသတင်းစာ The New Paper က ဖော်ပြခဲ့သည်။
အခြေခံအဆောက်အအုံစီမံကိန်းများ၏ အကျိုးအမြတ်များသည့် အခြေအနေများတွင် အားကစားအဆောက်အအုံများနှင့် အသင်းအဖွဲ့ကလပ်အဆောက်အအုံများ ကဲ့သို့သော
အများပြည်သူဆိုင်ရာ သက်သာချောင်ချိရေး
အဆောက်အအုံများအား အဆင့်မြှင့်ခြင်းလည်း ပါဝင်သည်။
အဆောက်အအုံနှင့် ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ (BCA) က ယခုနှစ်တွင် ခွင့်ပြုမည့် ဆောက်လုပ်ရေးစီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးသည် စင်္ကာပူဒေါ်လာ ၂၈ ဘီလျံမှ ၃၅ ဘီလျံ အကြား ရှိမည်ဖြစ်ကြောင်းလည်း ဇန်န၀ါရီတွင် ခန့်မှန်းခဲ့ပြီးဖြစ်သည်။
သို့သော်လည်း ပုဂ္ဂလိကကဏ္ဌမှ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်မှုသည် ယခုနှစ်တွင် အားပျော့နေဦးမည်ဖြစ်ကာ စင်္ကာပူဒေါ်လာ ၈ ဘီလျံမှ ၁၁ ဘီလျံအကြား သာ ရှိဦးမည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းခဲ့သည်။
မည်သို့ပင်ဖြစ်စေ ထိုပုဂ္ဂလိကကဏ္ဌမှ ပိုမိုအားကောင်းလာသော ဆောက်လုပ်ရေး
လိုအပ်မှုသည် စင်္ကာပူအိတ်ချိန်း (SGX) စာရင်းဝင်သော အကြီးဆုံး ဆောက်လုပ်ရေးနှင့် အင်ဂျင်းနီးယားရင်းကုမ္ပဏီ ၁၀ ခုအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
၎င်းကုမ္ပဏီများသည် အဓိကအားဖြင့် အများပြည်သူကဏ္ဌစီမံကိန်းများတွင် ပါဝင်ကြပြီး အေ၀မ်းအဆင့် ကန်ထရိုက်တာများအဖြစ် BCA ၏ မှတ်ယူခြင်း ခံရသူများ ဖြစ်သည်။ ယင်းသို့ထိပ်တန်းအဆင့်သတ်မှတ်ခံရခြင်း၏ အဓိပ္ပါယ်မှာ ၎င်းတို့သည် အစိုးရ၏ ဆောက်လုပ်ရေးစီမံကိန်း ကြီးငယ်မရွေးတွင် တင်ဒါယှဉ်ပြိုင်နိုင်ကြခြင်း ဖြစ်သည်။
ဥပမာဖော်ပြရသော် Lian Beng ကုမ္ပဏီသည် ၎င်းတို့၏ မကြုံစဖူးအကြီးမားဆုံးသော ဆောက်လုပ်ရေးကန်ထရိုက်အဖြစ် Defu ရှိ Housing Board စက်မှုဇုံအား စင်္ကာပူ
ဒေါ်လာ ၄၃၅ သန်းဖြင့် ပြန်လည်ပြင်ဆင်မွမ်းမံခွင့်အား မတ်လက တင်ဒါနိုင်ကာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com