ရန်ကုန်တိုင်းဒေသကြီးအတွင်း အ၀ီစိတွင်းရေကို ထုတ်ယူအသုံးပြုနေရသည့် အထပ်မြင့်ကန်ထရိုက် အဆောက်အအုံအရေအတွက်များလာပါက မြေပြိုခြင်းများ ဖြစ်လာနိုင်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်ပညာရှင်များက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် တာမွေမြို့နယ်များတွင် အထပ်မြင့်ကန်ထရိုက်တိုက် ဆောက်လုပ်မှုအများဆုံးဖြစ်ပြီး ကန်ထရိုက်တိုက်အများစုတွင် အ၀ီစိတွင်းရေကိုသာ အသုံးပြုနေရသည်။
"အ၀ီစိတွင်းရေထုတ်တယ်ဆိုတာ ရန်ကုန်မှာ အလေ့အကျင့်လိုဖြစ်နေတယ်။ အ၀ီစိတွင်းဆိုတာ မြေအောက်ရေပဲ မြေအောက်ရေတွေ ထုတ်ယူသုံးစွဲမှုများလာရင် မြေအောက်ထဲမှာ ကလိုင်ပေါက်ကြီးတွေဖြစ်လာမယ်။ အဲဒီကလိုင်ပေါက်ကြီး တွေထဲမှာ ရေက ပြန်မ၀င်နိုင်ဘူးဆိုရင် မြေပြိုတာတွေ၊ အ၀ီစိတွင်းပြိုတာတွေ ဖြစ်လာမယ်''ဟု မြို့ပြကျွမ်းကျင်ပညာရှင် ဒေါက်တာညွန့်မြင့်ကျော်က News Watch သို့ ဇွန် ၂၂ ရက်နေ့တွင်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အ၀ီစိတွင်းရေထုတ်ယူသုံးစွဲမှုကို နှစ်ပိုင်းခွဲခြားနိုင်ပြီး မြစ်နှင့်နီးသည့် အဆောက်အအုံများရှိ အ၀ီစိတွင်းရေထုတ်ယူသုံးစွဲရာတွင် မြစ်ရေများ ပြန်ဝင်လာနိုင်သော်လည်း မြစ်နှင့်ဝေးသည့် ရန်ကုန်မြို့ရှိ အဆောက်အအုံများတွင် အ၀ီစိရေ ထုတ်ယူသုံးစွဲရာတွင် ရေပြန်ဝင်ရန် မသေချာခြင်းကြောင့် အ၀ီစိတွင်းရေ လျော့နည်းလာနိုင်ပြီး မြေပြိုမှုများဖြစ်လာနိုင်သည်ဟု ၎င်းကမှတ်ချက် ပြုပြောကြားသည်။
''ရန်ကုန်မှာ အဲဒီလို ဖြစ်၊ မဖြစ်ကို သေသေချာချာတိုင်းတာတာမျိုးမရှိသေးတော့ မြေကနိမ့်သွားလား ဘာလားဆိုတာတော့ မသိနိုင်ဘူး''ဟု ဒေါက်တာညွန့်မြင့်ကျော်က ပြောသည်။
အ၀ီစိတွင်းတူးရန်သတ်မှတ်ချက်မှာ တွင်းတတွင်းနှင့်တတွင်း အကွာအဝေး ပေ ၁၅၀ သတ်မှတ်ထားသော်လည်း ကန်ထရိုက်တိုက်များဆောက်လုပ်ရာ၌ အဆိုပါအကွာအဝေး သတ်မှတ်ချက်ကို လိုက်နာခြင်းမရှိချေ။
''အ၀ီစိတွင်းတူးဖို့သတ်မှတ်ချက်က တတွင်းကို ပေ ၁၅၀ အကွာ သတ်မှတ်ထားတယ်။ ဒါပေမဲ့ ရန်ကုန်မှာ ဒီလို မဖြစ်နိုင်ဘူးလေ။ တိုက်ကလည်း တတိုက်နဲ့တတိုက် နီးနေတယ်။ နောက်တခုက အဆောက်အအုံတွေမှာ ဖောင်ဒေးရှင်းချလို့ မြေအောက်အ၀ီစိတွင်းနဲ့ နီးလို့ရှိရင်လည်း ဒါက ပြဿနာပဲ'' ဟု မြို့ပြရေးရာ ပညာရှင် က ပြောသည်။
''ဒါနဲ့ပတ်သက်လို့ စည်ပင်က ခွင့်ပြုပေးထားတာမရှိဘူး။ အိုးအိမ်ဦးစီးဌာနကနေပြီးတော့မှ အ၀ီစိတွင်းရေတွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲတာပါ''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
အိုးအိမ်ဦးစီးဌာနကို ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ အစည်းအဝေးရှိနေ၍ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း အဆိုပါဌာနမှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တော်တွင် နေ့စဉ် ရေဂါလန် သန်း ၂၅၀ နီးပါး ပေးဝေနေသော်လည်း ရန်ကုန်မြို့နေထိုင်သူဦးရေနှင့် လုံလောက်မှုမရှိသည့်အပြင် ရေဆုံးရှုံးမှု ၅၀ ရာခိုင်နှုန်းရှိနေပြီး အများစုမှာ မြေအောက်ရေကိုသာ အဓိကထား သုံးစွဲနေရကြောင်း သိရသည်။
''အကောင်းဆုံးကတော့ မိုးရာသီမှာ မိုးရေတွေကိုပိုက်နဲ့သွယ်ပြီး အိမ်ထဲကို တပ်ထားရင် ပိုကောင်းပါတယ်။ နောက်တခုက အ၀ီစိတွင်းအနားကို မိုးရေတွေ ပြန်ဝင်နိုင်အောင်လုပ်ဖို့လည်း လိုပါတယ်။ ရန်ကုန်မှာ မိုးရွာရင် မြေအောက်ကို ရောက်ဖို့ဆိုတာ ခက်ခဲတယ်။ ကတ္တရာလမ်းတွေ၊ ကွန်ကရစ်တွေ ခင်းထားတာကြောင့် အလွယ် တကူမ၀င်နိုင်ဘူး။ အ၀ီစိတွင်းမှာ မြေအောက်က ထုတ်ယူမှုများလာရင် ကန်တော့ပုံစံလိုဏ်ခေါင်းကြီး တွေဖြစ်လာတယ်။ အဲဒီအထဲကို မိုးရေတွေ ပြန်ဖြည့်ပေးနိုင်ရင် ကောင်းပါတယ်'' ဘယ်လိုပုံစံနဲ့ ဖြည့်ရင်ရလဲဆိုတော့ တွင်းတူးထားတဲ့နားကို မိုးရေတွေကျအောင် လုပ်ပေးရမှာ'' ဟု ဒေါက်တာညွန့်မြင့်ကျော်က အကြံပြုပြောကြားသည်။
Credit: News Watch