တရုတ်ပြည်မှ အချမ်းသာဆုံးပုဂ္ဂိုလ်သည် အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့တွင် ဗစ္စတာ တာဝါအမည်ရှိ မိုးမျှော်တိုက်ကြီး ဆောက်လုပ်လျက်ရှိရာ အဆိုပါစီမံကိန်းအတွက် တရုတ်အခြေစိုက်
Ping An ဘဏ်က ကန်ဒေါ်လာ သန်း ၇၀၀ ထုတ်ချေးပေးလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါချေးငွေမှာ ချီကာဂိုမြို့သမိုင်းတစ်လျှောက် ဆောက်လုပ်ရေးကဏ္ဍအတွက် အကြီးမားဆုံးထုတ်ချေးငွေဖြစ်ကြောင်း အမေရိကန် သတင်းမီဒီယာတို့တွင် ဖော်ပြသည်။
ယခုစီမံကိန်းကို Magellan Development Group နှင့် Dalian Wanda Group တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဘက်စုံသုံး ဇိမ်ခံမိုးမျှော်တိုက်အဖြစ် ရည်ရွယ်ထားကာ ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်တည်ဆောက်နိုင်ရန် မျှော်မှန်းထားသည်။
ဗစ္စတာ တာဝါသည် ၉၅ ထပ် မြင့်မားမည်ဖြစ်ပြီး ချီကာဂို၏ တတိယမြောက်အမြင့်မားဆုံးအဆောက်အအုံဖြစ်လာမည်ဖြစ်ကာ အမေရိကတွင် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံသော အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှုများတွင် အကြီးမားဆုံးတစ်ခုလည်း
ဖြစ်လာမည် ဖြစ်သည်။
ဗိသုကာပညာရှင် ဂျင်းနီဂန်းက ဒီဇိုင်းရေးဆွဲပေးထားပြီး ချီကာဂိုမြစ်၏ တောင်ဘက်ကမ်းတွင် တည်ရှိမည့် ဗစ္စတာ တာဝါတွင် ဇိမ်ခံကွန်ဒိုခန်း ၄၀၆ ခန်း၊ အခန်း ၁၉၁ ခန်းပါ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ဖြစ်သော Wanda Vista ဟိုတယ်တို့ ပါဝင်မည် ဖြစ်သည်။
Dalian Wanda သည် ပေကျင်းတွင်အခြေစိုက်သည့် အိမ်ခြံမြေ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဝမ်ကျန်းလင်က ပိုင်ဆိုင်သည်။
“ကျွန်တော်တို့ရဲ့ မိတ်ဘက်ကုမ္ပဏီအပေါ် အကြွင်းမဲ့ ယုံပါတယ်။ ဒါပေမယ့် အခုခြေလှမ်းက ကျွန်တော်တို့ရဲ့ ပုံမှန်သမားရိုးကျ ခြေလှမ်းမျိုးမဟုတ်ဘူး။ ဒါကြောင့် တုန်လှုပ်မိတာမျိုးတော့ရှိပါတယ်” ဟု Magellan ၏ ဥက္ကဌဖြစ်သူ ဒေးဗစ် ကာလင်းစ်က ပြောကြားသည်။
Dalian Wanda ကမူ အခြေခံဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးပါက ချေးငွေရရန် လွယ်ကူမည်ဖြစ်သည်ဟု ယခင်ကပင် ယုံကြည်ထားခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းများစတင်ပြီးနောက် ၈ လအကြာတွင် ချေးငွေရရှိခဲ့ခြင်း ဖြစ်သည်။
ဗစ္စတာ တာဝါမတိုင်မီ အများဆုံးချေးငွေရခဲ့ဖူးသူမှာ ဒေါ်နယ်ထရမ့်ဖြစ်ပြီး Trump International Hotel & Tower အတွက် ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၆၄၀ ချေးငွေရရှိခဲ့ဖူးသည်။
ဗစ္စတာ တာဝါရှိ ကွန်ဒိုခန်း ၃၅ ရာခိုင်နှုန်းမှာ ကြိုပွိုင့်ရောင်းချပြီးဖြစ်သည်ဟု ဆိုသည်။
ဈေးနှုန်းများမှာ ချီကာဂိုတွင် တန်ဖိုးအကြီးဆုံးပေါက်ဈေးဖြစ်နေပြီး ပျှမ်းမျှ ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၁၁၅၀ ပေါက်ဈေးရှိသည်ဟု ဆိုသည်။
အိပ်ခန်းတစ်ခန်းပါ စတုရန်းပေ ၁၀၀၀ ခန့်အကျယ်အဝန်းရှိ အခန်းတစ်ခန်း၏ ဈေးနှုန်းမှ ဒေါ်လာ တစ်သန်းမှ စတင်ပြီး ၉၂ ထပ်နှင့် ၉၃ ထပ်တို့ရှိအခန်းများမှာ ကန်ဒေါ်လာ ၁၇ သန်းနှင့်အထက် ပေါက်ဈေးရှိနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)