တရုတ်နိုင်ငံတွင် ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည်
၂၀၁၆ ခုနှစ်မှ ၄၅ ရာခိုင်နှုန်း ခုန်တက်၍ ၂၀၂၀ ပြည့်နှစ်တွင်
၂၆၀ ဘီလျံယွမ် (အမေရိကန်ဒေါ်လာ ၃၈ ဘီလျံ) ရှိလာမည်ဟု ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ CBRE က ယခုနောက်ဆုံးထုတ်ပြန်လိုက်သော "၂၀၂၀ ဆီသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ" အစီရင်ခံစာတွင်
ခန့်မှန်းခဲ့သည်။
၎င်း ၂၀၂၀ ကုန်သွယ်ရေးအိမ်ခြံမြေအရောင်းအဝယ်ပမာဏ၏ ၆၀ ရာခိုင်နှုန်းသည် ဝင်ပေါက်မြို့ကြီးများ ဖြစ်သော ပေကျင်းနှင့် ရှန်ဟိုင်းတို့၌ ဖြစ်ပွားမည်ဖြစ်သည်ဟုလည်း CBRE က ခန့်မှန်းခဲ့သည်။ ကျန် ၄၀ ရာခိုင်နှုန်းတွင် ၃၆ ရာခိုင်နှုန်းက အလားအလာမြင့်မားသော မြို့ကြီးများဖြစ်သည့် ကွမ်ကျိုး၊ ရှန်းကျန်း၊ ချိန်သူ၊ ချုံ ချင်း၊ ထျန်ကျင်းနှင့် ဝူဟန်တို့တွင် ဖြစ်ပွားမည် ဖြစ်ကြောင်း သိရသည်။
အခြေခံအဆောက်အအုံ၊ မြို့ပြပုံစံသွင်းခြင်း၊ ၂၀၂၅ မဟာဗျူဟာ၊ သုံးစွဲမှုအဆင့်မြှင့်ခြင်းနှင့် Belt and Road အစီအစဉ် စသည်တို့က ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာကို ပုံဖော်ကြမည်ဟု ခန့်မှန်းကြသဖြင့် ဖြစ်သည်။
တရုတ်နိုင်ငံတွင် ယခု ၂၀၁၇ ခုနှစ်၏ ပထမသုံးလပတ် (၂၀၁၇ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်) အတွင်း နိုင်ငံသားတို့၏ ပြည်တွင်းအိမ်ခြံမြေအရောင်းအဝယ်ပမာဏ ကျဆင်းခဲ့သော်လည်း တစ်နှစ်တာ အိမ်ခြံမြေရင်းနှီမြှုပ်နှံမှုအလားအလာမှာမူ တိုးတက်မှုရှိမည်ဟု ခန့်မှန်းရကြောင်း နိုင်ငံတကာအိမ်ခြံမြေကုမ္ပဏီ Colliers International ကလည်း မေ ၂၃ တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်ရေးနှင့် နိုင်ငံရေးရာ ပူပန်စရာများ လျော့ပါးလာပြီး တရုတ်စီးပွားရေး ဆက်လက်ဖွံ့ဖြိုးကျယ်ပြန့်လာသဖြင့် အိမ်ခြံမြေရင်းနှီမြှုပ်နှံမှုသည် ၂၀၁၇ ၏ ကျန်ကာလများတွင် ယမန်နှစ်စံချိန်သို့ နီးကပ်သည်အထိ ပြန်လည်ဦးမော့လာနိုင်ကြောင်းလည်း Colliers ၏ အာရှဒေသဆိုင်ရာ တာဝန်ခံဒါရိုက်တာ အင်ဒရူးဟက်စ်ကင်က ထိုအစီရင်ခံစာတွင် ပါရှိသော ခန့်မှန်းချက်တစ်ရပ်အား ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com