ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး ဒါနပန်းခြံတစ်ခု ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဒူဘိုင်းစည်ပင်သာယာရေးနှင့် မိုဟာမက်
ဘင်ရာရှစ် ကမ္ဘာလုံးဆိုင်ရာ အလှူဒါနရေးရာ အတိုင်ပင်ခံဌာန
(MBRGCEC) က ထုတ်ပြန်ကြေညာကြောင်း အရှေ့အလယ်ပိုင်း
အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါပန်းခြံတွင် အများပြည်သူများလှူဒါန်းသည့် စွန်ပလွန်ပင်များ စုစည်းစိုက်ပျိုးမည်ဖြစ်ပြီး ထွက်ရှိလာသော စွန်ပလွံသီးများကို ပြန်လည်လှူဒါန်းမှုများ ပြုလုပ်သွားရန် ရည်မှန်းထားသည်။
မူရှ်ရစ်ဖ်ပန်းခြံအနီးတွင် စီမံကိန်းအကောင်အထည်ဖော်မည်ဖြစ်ပြီး မြေအကျယ်အဝန်းမှာ ၁၅ ဟက်တာ ဖြစ်သည်။
ဒူဘိုင်းစည်ပင်သာယာမှ အထွေထွေညွှန်ကြားရေးမှူး
ဟူစိန်လူးတာ့က ပြောကြားရာတွင်
“ဒူဘိုင်းဟာ ကွဲပြားတဲ့နယ်ပယ်များစွာမှာ စွန့်ဦးတီထွင်မှုတွေအနက် ဦးစီးဦးဆောင်နေရာက ရပ်တည်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒီနေ့မှာ အဲ့ဒီတီထွင်မှုတွေအနက် နောက်တစ်ခုအဖြစ် အလှူဒါနနယ်မှာ ထပ်မံခြေလှမ်းသစ်လှမ်းလိုက်ပြီဆိုတာ ကြေညာပါတယ်။
ဒီ Alihsan ပန်းခြံဟာ ကမ္ဘာ့ပထမဆုံးဒါနပန်းခြံတစ်ခု ဖြစ်လာတော့မှာပါ”
ဟု ဆိုသည်။
“မကြာခင်မှာ အခြေခံအဆောက်အအုံဆောက်လုပ်မှုတွေ လုပ်ကိုင်သွားမှာဖြစ်ပြီး အဲဒီနောက်မှာ ပြည်သူတွေအနေနဲ့ သူတို့နေအိမ်တွေက စွန်ပလွံပင်တွေ လာရောက်လှူဒါန်းဖို့အတွက် တံခါးဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီပန်းခြံကထွက်မယ့် စွန်ပလွံသီးတွေကို ပန်းခြံထဲကစက်ရုံမှာပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး လိုအပ်တဲ့နေရာတွေ
အတွက် ဖြန့်ဖြူးပေးသွားပါမယ်” ဟု လူးတာ့က ပြောကြားသည်။
ပန်းခြံအတွင်းဆောက်လုပ်သွားမည့် စက်ရုံမှာ နှစ်စဉ် စွန်ပလွံသီးတန်ချိန်
၁၅၀ ခန့် ထုတ်လုပ်လည်ပတ်သွားနိုင်စွမ်းရှိသည်ဟု ဆိုသည်။
ယခုစီမံကိန်းမှာ ဟက်တာဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း၁၀၀
ကျော်က ဓလေ့ထုံးစံဖြစ်သည့် သစ်ပင်များလှူဒါန်းကာ
သစ်သီးဝလံများကို ပြန်လည်ရယူလှူဒါန်းသည့်ဓလေ့အပေါ် အခြေခံထားခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဒူဘိုင်းစည်ပင်သာယာ
အဖွဲ့သည် ပန်းခြံအတွက် သစ်ပင်များလာရောက်လှူဒါန်းကြရန် စတင်ဖိတ်ခေါ်ကြေညာမည်ဖြစ်သည်။
သို့ရာတွင် အရည်အသွေးမြင့် စွန်ပလွံသီးများ ထုတ်လုပ်နိုင်ရန်
အတွက် လှူဒါန်းမှုလက်ခံမည့် အပင်များနှင့်စပ်လျဉ်း၍ အသေးစိတ်စည်းမျဉ်းသတ်မှတ်ချက်များလည်း
ထုတ်ပြန်သွားမည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)