ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်သွားခဲ့သော ဂျွန်ဒီ ရော့ခ်ဖဲလား၏ မြေးဖြစ်သူ ဒေးဗစ် ရော့ခ်ဖဲလားပိုင်ဆိုင်သော မန်ဟက်တန်နေအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၂ ဒသမ
၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
ဒေးဗစ် ရော့ခ်ဖဲလားသည် Chase Manhattan ဘဏ်၏ အကြီးအကဲဟောင်းဖြစ်ပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၁ နှစ်ရှိပြီဖြစ်သည်။
ဒေးဗစ်သည် လွန်ခဲ့သော ၆၉ နှစ်တာ ကာလပတ်လုံး ယခုနေအိမ်ကြီးတွင် ဇနီးဖြစ်သူ ပက်ဂီနှင့်အတူ နေထိုင်သွားခဲ့သည်။
နေအိမ်တည်ရှိသည့်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မန်ဟက်တန်ဒေသ၊ Upper East Side အရပ်၊ အရှေ့ ၆၅ လမ်း၊ အိမ်အမှတ် ၁၄၆ ဖြစ်သည်။ဈေးကွက်တင်လာသည့် ဓာတ်ပုံများတွင် နေအိမ်ကြီးအတွင်း ရော့ခ်ဖဲလားစုဆောင်းထားသော ၁၈ ရာစုနှစ် ပရိဘောများ၊ တရုတ်နှင့် ဥရောပဖြစ် ကြွေထည်ပစ္စည်းများကို တွေ့ရသည်။
(နာမည်ကျော် ပန်းချီဆရာများဖြစ်သည် ဆက်ဇန်နီ၊ ဂေါ်ဂင်၊ မာတိစီနှင့် ပီကာဆိုတို့၏ ပန်းချီကားများမှာမူ မှုန်ဝါးပျက်စီးသွားသည်ဟု ဆို)
ဘဏ်လုပ်ငန်းရှင်သူဌေးကြီး အေဒရီယန် အစ်ဆီလင်အတွက် ရည်ရွယ်ကာ ၁၉၂၄ ခုနှစ်တွင် ကိုလိုနီ ရီဗိုက်ဘယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ယခုခေါ်ဈေးမှာ Upper East Side ရှိ အခြားနာမည်ကျော်နေအိမ်ကြီးများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသည်။
အဓိကအကြောင်းရင်းမှာ အတွင်းပိုင်းတွင် ခေတ်မီပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် များစွာလိုအပ်နေခြင်းကြောင့်လည်း ဖြစ်သည်။
သို့ရာတွင် နေအိမ်မှာမူ ပုံမှန်နေအိမ်များထက် များစွာကြီးမားပြီး စတုရန်းပေ ၉၇၆၀ ခန့်အထိ အကျယ်အဝန်းရှိသည်။
အိပ်ခန်း ၈ ခန်းအထိ ပါဝင်ပြီး ဓာတ်လှေကားတစ်ခုနှင့် ကြီးမားသော ကြောင်လိမ်လှေကားကြီးတစ်ခုပါကာ လှေကားထိပ်ဆုံးမှ နေအလင်းရောင် တိုက်ရိုက်ရရှိစေရန် စီမံထားသည်။
နေအိမ်အတွင်း စာကြည့်တိုက်တစ်ခု၊ ဝန်ထမ်းများအတွက် အခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ မီးလင်းဖို ၈ ခု၊ ဝိုင်သိုလှောင်ခန်းတစ်ခု တို့ပါဝင်သည်။
ရော့ခ်ဖဲလားစုဆောင်းထားသည့် အနုပညာလက်ရာများကို လာမည့်နှစ်တွင် လေလံတင်ရန် စီစဉ်ထားရာ ကန်ဒေါ်လာ သန်း ၇၀၀ ခန့်အထိ ရရှိဖွယ်ရှိပြီး Christie’s လေလံအဖွဲ့ ကိုင်တွယ်ရောင်းချခဲ့သမျှတွင် တန်ဖိုးအကြီးမားဆုံးလေလံပွဲ ဖြစ်လာဖွယ်ရာ ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)