နိုင်ငံခြားကုမ္ပဏီများကို ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံး ကိရိယာများကို ယခုလ ဒုတိယပတ်အတွင်းမှ စတင်၍ ကုန်သွယ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
နိုင်ငံခြားကုမ္ပဏီများကို ယင်းပစ္စည်းများ ကုန်သွယ်ခွင့်အတွက် ပြည်တွင်းတိုင်း ရင်းသားကုမ္ပဏီများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ကုန်သွယ်ခွင့်ပြုသွားမည်ဖြစ် ပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်၊ ဈေးကွက် အနေအထား၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၏ အခြေအနေတို့ပေါ် မူတည်၍ လိုအပ်သလို ပြောင်းလဲပြင်ဆင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းပစ္စည်းများ ကုန်သွယ်မည့် နိုင်ငံခြားကုမ္ပဏီသည် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး ယင်းပစ္စည်းများ တင်သွင်းမည်ဆိုပါက ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးသည့် ပုံစံ ၆/ ၂၆ နှင့်အတူ ဘဏ်ကြေညာလွှာ (Bank Statement) နှင့် ကုန်သွယ်ရာတွင် လည်ပတ်သုံးစွဲမည့် နိုင်ငံခြားငွေကို ရင်းနှီးမတည်ငွေအဖြစ် ဖော်ပြပြီး စာရင်းဖွင့်လှစ် ဆောက်ရွက်ရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းက ထုတ်ပြန်သည်။
“အင်အားကြီးတဲ့ နိုင်ငံခြားကုမ္ပဏီတွေက အင်တိုက်အားတိုက် လုပ်မယ်ဆိုရင်တော့ သတိထားရမယ်။ ဒီလိုခွင့်ပြုလိုက်တာကြောင့် ဆောက်လုပ်ရေးပစ္စည်း ဈေးကွက် ပိုကောင်းလာနိုင်မယ်။ အစပိုင်းတော့ ပြည်တွင်းကုမ္ပဏီတွေကို ထိခိုက်နိုင်တယ်ဆိုပေမယ့် သူတို့က (နိုင်ငံခြား ကုမ္ပဏီ) အင်အားကြီးကြီး မလုပ်ဘူးဆိုရင် မထိခိုက်နိုင်တော့ပါဘူ”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကိုကိုလေးက ပြောဆိုသည်။
အဆိုပါပစ္စည်းများကို နိုင်ငံခြား ကုမ္ပဏီများကို ကုန်သွယ်ခွင့်ပေးခြင်းကြောင့် စားသုံးသူများအတွက် အကျိုးရှိစေပြီး ကြိုက်နှစ်သက်သည့် ပစ္စည်းများစွာကို ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍ တိုးတက်ရန်အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းမှစ၍ နိုင်ငံခြား ဖက်စပ် ကုမ္ပဏီများကိုလည်း ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများကို တင်သွင်းခွင့်ပြုခဲ့သည်။
Credit: The Voice