စကော့တလန်နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိကာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရေဒါစခန်းအဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံတစ်လုံးကို ပေါင် ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ အဆောက်အအုံကြီးသည် တစ်ချိန်ကမူ နာဇီတို့ကို အနိုင်ယူတိုက်ပွဲဆင်မည့် D-Day ကမ်းတက်တိုက်ပွဲကြီးဆင်နွှဲရန် မဟာမိတ်များအတွက် အလွန်အရေးကြီးလှသည့် နေရာတစ်ခု ဖြစ်ခဲ့သည်။
အဆောက်အအုံတည်ရှိရာ မြေနေရာအကျယ်အဝန်းမှာ ၅ ဧကရှိပြီး Gin Head ဟု အမည်ပေးထားကာ ပေါင် ၃ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ဈေးခေါ်ထားကြောင်း ဈေးကွက်တင်သည့် Goldsmith Estates ၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြသည်။
မူလက ကွန်ကရစ်ဗုံးခိုကျင်းများအဖြစ် အသုံးပြုခဲ့သည့်နေရာမှာ စတုရန်းပေ ၂၆၀၀၀ ကျယ်ဝန်းသည့်နေအိမ်ဖြစ်နေပြီ ဖြစ်သည်။
ယင်းအဆောက်အအုံကို ဗြိတိသျှရေတပ်က ၁၉၄၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဂျာမာန်တို့၏ ရေဒါထုတ်လွှင့်မှုများကို ဖမ်းယူလေ့လာရန် သိပ္ပံပညာရှင်များအတွက် အခြေစိုက်စခန်းနေရာအဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
သိပ္ပံပညာရှင်များသည် ရန်သူများ၏စက်ပစ္စည်းများကို လေ့လာကာ ရေဒါလှည့်ဖြားထုတ်လွှင့်မှုများအား ယခု Gin Head အဆောက်အအုံကြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါနည်းဗျူဟာများသည် ၁၉၄၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ပြုလုပ်ခဲ့သော D-Day ကမ်းတက်တိုက်ပွဲကြီး အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် အလွန်အထောက်အကူပြုခဲ့သည်။
မဟာမိတ်စစ်သည်ပေါင်း ၁၅၆၀၀၀ သည် ပြင်သစ်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းသို့ ပင်လယ်တွင်းမှ တက်ရောက်ခဲ့ကြပြီး ဂျာမန်တို့ကို ထိုးစစ်ဆင်ခဲ့ကြသည်။
Gin Head အဆောက်အအုံကြီးမှ လှည့်ဖြားမှုများကြောင့် ဂျာမန်တို့က မဟာမိတ်တို့သည် ပြင်သစ်နိုင်ငံ၏အခြားတစ်နေရာမှ ဝင်ရောက်လာမည်ဟု ယုံစားသွားခြင်း ဖြစ်သည်။
ထိုစခန်းရှိ အဆောက်အအုံများကို စစ်ကြီးအပြီး ၁၀ နှစ်ခန့် သုတေသနလုပ်ငန်းများအတွက် အသုံးပြုနေသေးသော်လည်း နောက်ပိုင်းတွင် လူသူကင်းမဲ့သွားခဲ့သည်။
၂၀၀၅ ခုနှစ်တွင်ကား အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော Dunglass Ltd., က ဒီဇိုင်နာ ကလဲလွိုက်ဒ်နှင့် ပူးပေါင်းကာ BAE Systems ထံမှ ဝယ်ယူခဲ့သည်။
ဝယ်ယူခဲ့စဉ်က မည်မျှပေးခဲ့ရသည်ကိုမူ ကလဲလွိုက်ဒ်က ထုတ်ဖော်ပြောကြားခြင်းမရှိချေ။
အဆောက်အအုံတည်ရှိသည့်နေရာမှာ စကော့တလန်နိုင်ငံ၏ မြို့တော် အီဒင်ဘာ့ဂ်ျမှ မိုင် ၃၀ ခန့်သာ ဝေးကွာသည်။
အဆောက်အအုံအနီးတွင် ၁၄ ရာစုနှစ် ရဲတိုက်ပျက်ကြီးတစ်လုံးတည်ရှိပြီး တန်တယ်လ်လန်ဟု အမည်ရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)