ဒူဘိုင်းတွင် ဆောက်လုပ်ရေးလုပ်သားများကို နေ့လယ်
၁၂း ၃၀ မှ ၃ နာရီအထိ သုံးလကြာ နားချိန်ပေးရမည့်
စည်းမျဉ်းပြန်လည် ထုတ်ပြန်လိုက်ကြောင်း အရှေ့အလယ်ပိုင်း
အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဇွန်လ ၁၅ ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်အထိ ၃
လကြာ အဆိုပါစည်းမျဉ်းကို လိုက်နာရမည်ဖြစ်ကြောင်း
ဒူဘိုင်းအလုပ်သမားရေးရာ အမြဲတမ်းကော်မတီက
ထုတ်ပြန်သည်။
မွန်းလွဲပိုင်းကာလအတွင်း အလုပ်သမားများကို တိုက်ရိုက်နေရောင်ခြည်အောက်တွင် အလုပ်တာဝန်ပေးခြင်းများ တားမြစ်လိုက်ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် အိုဘစ် မူဟာ ဘင် ဆာရာ (လူနေထိုင်မှုနှင့် နိုင်ငံခြားသားရေးရာ အထွေထွေညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး) (အလုပ်သမားရေးရာ အမြဲတမ်းကော်မတီဥက္ကဌ) က ပြောကြားရာတွင် ကော်မတီအနေဖြင့် လှည့်လည်စစ်ဆေးမှု ၇ ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လှည့်လည်စစ်ဆေးချိန်တိုင်းတွင် စစ်ဆေးရေးမှူး ၃ ဦးပါဝင်မည်ဖြစ်ပြီး အလုပ်သမားကော်မတီ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနနှင့် ဒူဘိုင်းစည်ပင်သာယာရေးတို့မှ ကိုယ်စားလှယ်တစ်ဦးစီဖြစ်ကြကြောင်း ပြောကြားသည်။
ယခုစည်းမျဉ်းချမှတ်ရခြင်းမှာ အလုပ်သမားများကို အကာအကွယ်ပေးရန်နှင့် လုံခြုံသည့်လုပ်ငန်းခွင်ဖန်တီးပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
စည်းမျဉ်းမလိုက်နာသည့် လုပ်ငန်းရှင်တို့ကို လုပ်သားတစ်ဦးအတွက် ဒူဘိုင်းငွေ ၅၀၀၀ (ကန်ဒေါ်လာ ၁၃၆၀) မှ ဒူဘိုင်းငွေ ၅၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်စေမည်ဖြစ်သည်။
လှည့်လည်စစ်ဆေးစဉ်အတွင်းတွင်လည်း လုပ်ငန်းရှင်တို့ကို တိုက်ရိုက်တွေ့ဆုံကာ နေ့လယ်ပိုင်း အလုပ်ရပ်နားရန် စည်းမျဉ်းနှင့်
စပ်လျဉ်း၍ လမ်းညွှန်ပညာပေးစည်းရုံးမှုများ ပြုလုပ်သွားမည်ဟု
လည်း ဘင်ဆာရာက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)