အိမ်မြေနေရာဈေးတွေ မိုးထိအောင် ခေါင်ခိုက်လာနေတဲ့
ဟောင်ကောင်မှာတော့ နောက်ထပ် အိမ်ခြံမြေဈေးတစ်ခု
စံချိန်တင်ခဲ့ပြန်ပါပြီ။ ယခုတစ်ကြိမ်ကတော့
ကားပါကင်နေရာတစ်ခုအတွက် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။
ယင်းဟောင်ကောင်ကျွန်းမှာတော့ ပြီးခဲ့တဲ့လက
စတုရန်းပေ ၁၈၈ ရှိ မြေနေရာတစ်ခုအတွက်
ဒေါ်လာ ၆၆၄,၃၀၀ ( ဟောင်ကောင် ဒေါ်လာ ၅ ဒသမ ၁၈ သန်း)
နဲ့ စံချိန်တင်ရောင်းချခဲ့ရတယ်လို့ Ming Pao သတင်းစာက
ဖော်ပြခဲ့ပါတယ်။ ယင်းအတိုင်းသာဆိုရင် တစ်စတုရန်းပေကို
ဟောင်ကောင် ဒေါ်လာ ၂၇,၅၀၀ နှုန်း ကျသင့်နေမှာ ဖြစ်ပါတယ်။
ယခုဆိုရင် ယင်းကျွန်းမှာတော့ ကားပါကင်နေရာတစ်ခုစာ
အတွက် ပေးရတဲ့ တန်ဖိုးနှုန်းထားဟာ
တစ်ချို့နေအိမ်တန်ဖိုးတွေထက်တောင် ပိုများနေပြီလို့
သိရပါတယ်။
အစိုးရအနေနဲ့ မြေဈေးကြီးမားမှု ပြဿနာကို ထိန်းချုပ်ဖို့
ကြိုးပမ်းနေတယ်ဆိုပေမယ့်လည်း ယခုအချိန်မှာတော့
ဟောင်ကောင်မှာ အိမ်ခြံမြေဈေးနှုန်းတွေဟာ
တစ်စထက်တစ်စ ဆက်လက်မြင့်မားလာနေတယ်လို့လည်း
သိရပါတယ်။
အိမ်ဝယ်ယူမှုအတွက် အခွန်ပေးဆောင်ရတဲ့
တန်ဖိုးမြင့်မားနေမှုကြောင့်လည်း ယခုအခါ
လူနေအဆောက်အအုံမဟုတ်တဲ့ မြေနေရာတွေအတွက်
ရင်းနှီးမြှုပ်နှံလိုမှု အား ပိုများလာနေလျက်ရှိပြီး
ဝယ်သူတွေဟာလည်း ရုံးနဲ့ ကားပါကင်နေရာတွေအတွက်
ပိုမိုအာရုံစိုက်လာနေပြီလို့လည်း အကဲဖြတ်တွေက
ပြောပါတယ်။
ယင်းဒေသမှာ ပြီးခဲ့တဲ့လကလည်း ကားပါကင်အဆောက်
အအုံတစ်ခုလုံးအတွက် စံချိန်တင် ဟောင်ကောင်ဒေါ်လာ
၂၃ ဒသမ ၃ ဘီလီယံနဲ့ ရောင်းချထားခဲ့ရပါသေးတယ်။
Credit: SFJ Strategy First