ယခု ၂၀၁၇ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံသားများသည်
အိမ်ခြံမြေကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံလာကြလျက်ရှိပြီး
အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ ကုန်ထုတ်လုပ်မှုနှင့်
အခြားကဏ္ဍများကို ဖြတ်ကျော်သွားကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၂၀၁၇ ခုနှစ်၊ မတ်လအချက်အလက်များအရ မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကျပ်ငွေ ၂ ဒသမ ၇၆၇ထရီလီယံ (ကန်ဒေါ်လာ ၂ ဒသမ ၀၄၃ သန်း) ရှိခဲ့ပြီး အဆိုပါပမာဏမှာ
နိုင်ငံအတွင်း မည်သည့်လုပ်ငန်းကဏ္ဍထက်မဆို ပိုမိုများပြားသည့်ပမာဏဖြစ်ခဲ့သည်။
မြန်မာရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် လုပ်ငန်းအဖွဲ့အစည်းပေါင်း ၁၂၄၁ ခုမှတစ်ဆင့် မြန်မာကျပ်ငွေ ၁၃ ဒသမ ၁၉၁ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြရာတွင် အိမ်ခြံမြေကဏ္ဍတွင်
ရင်းနှီးမြှုပ်နှံခဲ့မှုမှာ ၂၀ ဒသမ ၉၈ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
အိမ်ခြံမြေကဏ္ဍ၏နောက်တွင် ရပ်တည်နေသည်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍဖြစ်ပြီး မြန်မာကျပ်ငွေ ၂ ဒသမ ၄၃၈ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
ယင်းနောက်တွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ၂ ဒသမ ၃၀၂ ထရီလီယံဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းက
၁ ဒသမ ၄၁၅ ထရီလီယံဖြင့်လည်းကောင်း အသီးသီးရပ်တည်ကြလျက်ရှိသည်။
စိုက်ပျိုးရေးနှင့် ရေထွက်ကုန်လုပ်ငန်းများမှာမူ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏
ဝ ဒသမ ၃၈ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၅၃ ရာခိုင်နှုန်း အသီးသီးရှိကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်တက်လာပြီး
ပထမတစ်နှစ်တာအတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ မြန်မာကျပ်ငွေ ၁ ဒသမ ၅၆၇ ထရီလီယံရှိခဲ့သည်ဟု ဆိုသည်။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်းအားဖြင့် ကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံရှိခဲ့ပြီး ယင်းအနက်မှ ကန်ဒေါ်လာ ၇၄၈ သန်းမှာ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)