စကော့တလန်နိုင်ငံတွင် တည်ရှိသော နာမည်ကျော် ထရမ့်တန်ဘာရီ အပန်းဖြေစခန်းနှင့် ပုံတူဆောက်လုပ်ထားကာ အကျယ်အဝန်း ၃၄ ဧက ရှိသည့် အဆောက်အအုံတစ်ခုကို ပေါင် ၁ ဒသမ ၂ သန်း(ကန်ဒေါ်လာ ၁ ဒသမ ၅၅၄ သန်း) ဖြင့်ရောင်းချရန် အရောင်းဈေးကွက်ဝင် လာကြောင်း အင်္ဂလန်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ထရမ့်တန်ဘာရီအပန်းဖြေဇိမ်ခံဟိုတယ်မှာ ၁၉၀၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၄ ခုနှစ်တွင် ပေါင်သန်း ၆၀ (ကန်ဒေါ်လာ ၇၇ ဒသမ ၇ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခုရောင်းချမည့် နေအိမ်ကြီး၏အမည်မှာ ကူးပါဂရိန်းဟု ခေါ်ဆိုသည်။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ စကော့တလန်ဗိသုကာပညာရှင် ဂျိမ်းစ်မေလာက ထရမ့်တန်ဘာရီနှင့် ကူးပါဂရိန်းတို့ နှစ်ခုလုံးကို ၂၀ ရာစု အစပိုင်းတွင် ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
ထရမ့်တန်ဘာရီကို အင်္ဂလိပ်ဂျက်ကိုဘင်ဗိသုကာဟန်ဖြင့် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဂျိမ်းစ်မေလာ၏ နာမည်ကျော်လက်ရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ကူးပါဂရိန်းသည် ထရမ့်တန်ဘာရီဟိုတယ်၏ တစ်နေရာရာဖြစ်သည်ဟု အမှတ်မှားဖွယ်ရာရှိသည်။
အဆောက်အအုံ ၂ ခုလုံးတွင်တူညီနေသည်မှာ အနီရောင်အုတ်ကြွပ်အမိုး၊ အဖြူရောင် harled မျက်နှာစာနှင့် အတွင်းပိုင်း အသေးစိတ်မွမ်းမံထားမှုများ ဖြစ်ကြသည်။
ကူးပါဂရိန်းတွင်ပါဝင်သော လှေကားတစ်ခုမှာ တန်ဘာရီ၏ ပင်မလှေကားနှင့် ပုံသဏ္ဍာန်တူနေသည်။
မှန်များဖြင့် အုပ်မိုးထားသော အက်ဒ်ဝါ့ဒ်ဗိသုကာဟန် နေစာလှုံခန်းတစ်ခုလည်း ပါဝင်သည်ကို တွေ့ရသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပိုင်ရှင်အဆက်ဆက်တို့သည် မူလဟန်မပျက် ထိန်းသိမ်းထားခဲ့ကြရာ ၂၀၀၁ ခုနှစ်တွင် ပင်မနေအိမ်၌ ဘိလိယက်ခန်းတစ်ခု အသစ်ဆောက်လုပ်ခဲ့သည်သာ ရှိသည်။
အိပ်ခန်း ၇ ခန်းပါဝင်ပြီး ခြံအကျယ်အဝန်းမှာ ၃၄ ဧကအထိကျယ်ဝန်းကာ ဘလဲဂိုရီမြို့ ကလေးအနီးတွင် တည်ရှိသည်။
ကျယ်ပြောလှသော ခြံဝန်းကျယ်ကြီးအတွင်းတွင် အိပ်ခန်း ၂ ခန်းပါဝင်သည့် တစ်ထပ်အိမ်ကလေးတစ်လုံးအပြင် မြင်းဇောင်းများလည်း ပါဝင်သည်ဟု ဆိုသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ လျှပ်စစ်ဝါယာကြိုးများ ၊ ရေပိုက်လိုင်းများ၊ အပူပေးစနစ်နှင့်
မီးဖိုဆောင်တို့ကို ပြန်လည်ပြုပြင်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)