အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုးဘီဒင်နှင့် ဇနီးဖြစ်သူ ဂျီးလ်ဘီဒင်တို့သည် ဒီလာဝယ်ပြည်နယ်ရှိ ရီဟိုဘို့သ် ပင်လယ်ကမ်းခြေတွင် မိသားစုအနားယူရန် နေအိမ်တစ်လုံးဝယ်ယူလိုက်ကြောင်း ဒုသမ္မတဟောင်း မိသားစု၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အမျိုးသမီးက ပြောကြားသည်ဟု နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မိသားစုအနားယူနိုင်မည့် ပင်လယ်ကမ်းခြေနေအိမ်တစ်လုံး ပိုင်ဆိုင်ရန် အိပ်မက်မက်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု မစ္စတာဘီဒင်က ပြောကြားသည်။
ဂျိုးဘီဒင်သည် နယူးဂျာစီ၏ ကမ်းရိုးတန်းကို နှစ်သက်သော်လည်း တောင်ဘက်စူးစူးသို့ ဆက်လက်ရှာဖွေခဲ့ရာမှာ ယခုနေအိမ်ကြီးကို တွေ့ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အတ္တလန္တိတ်သမုဒ္ဒရာ၏ မြင်ကွင်းကောင်းများ ခံစားနိုင်သည့် ကိတ်ပ် ဟန်လိုပန်စတိတ် ပန်းခြံအစွန်းရှိ ၃ ထပ်နေအိမ်ကြီးတွင် စိတ်နှလုံးများ ပျော်ဝင်သွားခဲ့ကြသည်။
“ဂျီးလ်နဲ့ ကျွန်တော်ဟာ မိသားစုတစ်ခုလုံး အနားယူနိုင်မယ့် နေအိမ်တစ်လုံးကို ကမ်းခြေတစ်နေရာရာမှာ ဝယ်နိုင်ဖို့ အိပ်မက်မက်နေခဲ့တာ ကြာပါပြီ။ ဒီအိပ်မက်ကို အခုတကယ်အကောင်အထည်ဖော်နိုင်ခဲ့ပြီး မိသားစုနဲ့အတူ အနားယူနိုင်တော့မှာဖြစ်လို့ အရမ်းကံကောင်းပါတယ်” ဟု အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်သော မစ္စတာ ဘီဒင်က ပြောကြားသည်။
အိပ်ခန်း ၆ ခန်းအပြင် အိမ်တွင်း၊ အိမ်ပြင် အပန်းဖြေစရာနေရာများစွာ ပါဝင်သောကြောင့် ကမ်းခြေနေအိမ်ကြီးသည် ဘီဒင်မိသားစုမှ မြေးငယ်များ အိပ်စက်အနားယူနိုင်ရန် အိပ်ခန်းများ လုံလောက်စွာ ရရှိနိုင်မည် ဖြစ်သည်။
အနောက်အရပ်နှင့် အရှေ့အရပ်သို့ မျက်နှာမူသည့် ဆင်ဝင်နှစ်ခုရှိပြီး ကြီးမားသော ညစာစားခန်းမှာ မီးဖိုဆောင်ဆီသို့ ဦးတည်သွားသည်။
နေအိမ်ကို ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဆိုခြင်းကိုမူ မသိရှိရချေ။
သို့ရာတွင် အဆိုပါနေအိမ်ကို မကြာသေးမီကပင် ကန်ဒေါ်လာ ၃ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
၂၀၀၇ ခုနှစ်အတွင်းကလည်း ကန်ဒေါ်လာ ၃ ဒသမ ၂၅၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖူးကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ယခင်အစိုးရအဖွဲ့ဝင်များအနက် အိမ်ခြံမြေအရောင်းအဝယ်လှုပ်ရှားမှုများ ပြုလုပ်မှုမှာ မစ္စတာဘီဒင်တစ်ဦးတည်းမဟုတ်။
သမ္မတဟောင်းအိုဘားမားသည်လည်း ဝါရှင်တန်ဒီစီတွင် ၎င်းတို့မိသားစုငှားရမ်းနေထိုင်သော နေအိမ်ကြီးကို မကြာသေးမီကပင် ကန်ဒေါ်လာ ၈ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။
အဆိုပါသတင်းကို iMyanmarHouse.com တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက (http://www.imyanmarhouse.com/news/read/610940 ) အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)