အသက် ၃၀ ကျော် အမျိုးသမီးတစ်ယောက် ပူပြင်းလှတဲ့ အပူရှိန်ကို မမူဘဲ ခေါင်းပေါ် အဝတ်လေးတစ်ခုသာ တင်ပြီးလမ်းလျှောက်လာပါတယ်။သူရဲ့မျက်နှာကတော့ တစ်ခုခုကို စိုးရိမ်နေသလို ဖြစ်နေပြီး ခြေလှမ်းတွေကလည်း သွက်လှပါတယ်။
‘ ဦးလေးတင် (နာမည်လွဲ) ရယ် လာသာလာရတာ ဦးလေးတင့်နဲ့တွေ့ပါ့မလားလို့ပါ ၊ ဦးလေးတင့်တို့က ဘာမှအကြောင်းမပြန်လို့’ လို့ ခေါင်းပေါ် တင်ထားတဲ့ အဝတ်ကို ချ ၊ မျက်နှာပေါ်မှာ စီးကျနေတဲ့ ချွေးတွေကို သုတ်ကာ မငယ် (နာမည်လွှဲ) က ပြောပါတယ်။
မငယ်ရဲ့ မိခင်မှာ ဆုံးပါးသွားတာကြာခဲ့ပြီး။မငယ်ဟာ မြိုင်မြို့နယ်မှာရှိတဲ့ ကျေးလက်တောရွာလေးတစ်ခုမှာ အိမ်ထောင်ကျပြီးတဲ့အစ်ကိုတွေ အစ်မတွေနဲ့ အတူတကွနေထိုင်ပါတယ်။အိမ်ထောင်မရှိဘဲ လူလွတ်တစ်ယောက်ဖြစ်ပေမဲ့ မငယ်ဟာ မိသာစုတစ်ခုလုံးရဲ့ စားဝတ်နေရေးကိစ္စအဝဝကို ဦးဆောင်နေရသူတစ်ဦးလည်းဖြစ်ပါတယ်။
အခုလည်း နေပူပူ နေ့ခင်းအချိန်ကြီးမှာ မိသာစုစာဝတ်နေရေးအတွက် မမောနိုင်မပန်းနိုင် မိမိရဲက ဘိုးဘွားပိုင်ယာမြေလေးကို အပေါင်ထားချင်တဲ့ကိစ္စ ဦးလေးတင်တစ်ယောက် ယူနိုင်မယူနိုင် လာမေးနေခြင်းဖြစ်ပါတယ်။
ဘိုးဘွားလက်ထက်ကတည်းက အဆင့်ဆင့်လုပ်ကိုင်ခဲ့တဲ့ ယာမြေတွေကို ပေါင်တာ၊ ရောင်းတာတွေ ဘယ်သူမှ မလုပ်ချင်ပေမဲ့ စားဝတ်နေရေးအရ ပေါင်ကြ ရောင်းကြရပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် တောင်သူလုပ်ငန်းခွင်ကို ဖျက်ပြီး တခြားစီးပွားရေတစ်ခု ကူးပြောင်းလုပ်ကိုင်ချင်လိုပဲဖြစ်ဖြစ် ၊ စားဝတ်နေရေးမပြေလည်မှုကြောင့်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ယာမြေနဲ့ ပတ်သက်ပြီး ပေါင်ကြရောင်းကြတာတွေ ပိုမိုများလာပါတယ်။
အထူးသဖြင့် တစ်သီးစားနဲ့သာ တောင်သူလုပ်ငန်းလုပ်ကိုင်နေကြရတဲ့ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်းတို့မှာ ပိုပြီးတော့ ပေါင်ကြပြုကြတာတွေ များပါတယ်။’ မဖြစ်လို့သာပေါင်ရတာပါ၊ ကိုယ့်ဘိုးဘွားပိုင်ယာမြေ သူများလက်ထဲထားရမှာ နှမြောတာပေါ့၊ ဘဏ်ထုတ်လဲ မလောက်ဘူး၊ သီးနှံတွေကလဲ ရောင်းပြီးပြီး၊ အရင်နှစ်ကင ကြွေးဆပ်ရတာနဲ့ ကိုယ်တောင် မစားလိုက်ရဘူး ‘ လို့ မငယ်က ပြောပါတယ်။
မရပ်တည်နိုင်
ပြီးခဲ့တဲ့နှစ်ကဆိုရင် စပါးဈေးတွေကျသလို အပူပိုင်းဒေသရဲ့ အဓိကစိုက်ပျိုးသီးနှံတွေဖြစ်တဲ့ ပဲစင်းငုံ ၊ နှမ်းစတဲ့ သီးနှံဈေးတွေလည်း အနိမ်းဆုံးဈေးအထိ ကျဆင်းခဲ့ပါတယ်။တချို့မိသာစုတွေမှာ ကိုယ်တိုင်က တောင်သူလုပ်ငန်းလုပ်ကိုင်နေပေမဲ့လည်း သားသမီးဖြစ်တဲ့သူတွေကို သူများစိုက်ခင်းတွေမှာ နေ့စားအဖြစ်ခိုင်းနေကြရပါတယ်။ ကိုယ့်တောင်သူလုပ်ငန်းတစ်ခုတည်းနဲ့ မရပ်တည်နိုင်တော့ဘဲ ဟိုလုပ်ငန်းလုပ်၊ သည်လုပ်ငန်းလုပ်နဲ့ တောင်သူတွေ အစုံလုပ်နေကြရတယ်လို့လည်း နေပြည်တော် ဇေယျသီရိမြို့နယ်ရှိ တောင်သူဦးကိုကိုက ပြောပါတယ်။
မိုးလေးဝသ၊ သီးနှံဈေးကွက်စတဲ့ စိုက်ပျိုးရေကဏ္ဍအ နေအထားတွေဟာ တောင်သူတွေအတွက် အာမခံချက်နည်းနေပါသေးတယ်။အထူးသဖြင့် မိုးရေကိုသာ အဓိကထားပြီး စိုက်ပျိုးနေကြရတဲ့ ဒေသတွေမှာဆိုရင် မိုးမရွာလို့၊ မိုးနောက်ကျလို့၊ မိုးများလို့ ပြန်စိုက်ကြရ၊ ဆုံးရှုံးကြရတာတွေဟာ လက်တွေ့ အခြေအနေတွေဖြစ်ပါတယ်။
တောင်သူလုပ်ငန်းခွင်းတစ်ခုသာ အားကိုလုပ်ကိုင်နေကြရတဲ့ တောင်သူဦးကြီးတွေရဲ့ အမှန်တကယ်ရပ်တည်နေပုံကို အစိုးရက နားလည်းကာ လိုအပ်တာတွေကို ထိထိမိမိ ဖြည့်ဆည်းပေးဖို့၊ တောင်သူလယ်သမားတွေရဲ့ ဘဝပြောင်းလဲမြင့်မာလာစေဖို့ ဦးစားပေဆောင်ရွက်ဖို့ လိုပါတယ်။
‘ တကယ်အရင်းစစ်က ဈေးကွက်မရှိလို့ ငါတို့တွေ အဲဒီလိုဖြစ်နေတာ ၊ ဦးလဲ ကုန်သည်တွေနဲ့ ပေါင်းနေတာပဲ ၊ ကုန်သည်တစ်ယောက်ကသူ့ဟာသူ ဈေးကွက်သွားရှာလို့ရှိရင် ဟိုကကုန်သည်တစ်ယောက်ကသူ့ဟာသူ ဈေးကွက်သွားရှာလို့ရှိရင် ဟိုကကုန်သည်တစ်ယောက်နှစ်ယောက်နဲ့ပဲ တွေ့လို့ရမယ်၊ အစိုးရအချင်းချင်းပြောပြီး ဈေးကွက်ရှာမယ်ဆိုရင် ဟိုကကုန်သည် ၁၀၀နဲ့လဲ တွေ့လို့ရတယ်၊ အဲဒါကြောင့် မို့လို့ ဈေးကွက်လိုအပ်ချက်ကို အစိုးရနဲ့ ကုန်သည်တွေနဲက ပူးပေါင်ပြီး မရှာသေးသရွေ့ကာလပတ်လုံး တို့တောင်သူ ဆင်ရဲမှာပဲ ၊ ဘယ်အစိုးရတက်တက်’ လို့ နေပြည်တော်ရှိတောင်သူဦးကိုကိုက ပြောပါတယ်။
လက်ရှိတောင်သူတွေအတွက် အစိုးရကနေ ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးစရိတ် ချေးငွေကလည်း တောင်သူတွေအတွက် လောက်ငမှုမရှိပါ။ သီးနှံဈေးကွက်မကောင်းတာကြောင့် အဟောင်းပေးအသစ်ယူနဲ့သာ လုံးချာလိုက်နေပါတယ်။ တချို့တောင်သူတွေဆို စိုက်ပျိုးစရိတ်ချေးငွေကို လုံးလုံးပြန်မဆပ်နိုင်။
အငယ်ဆိုရင် ဘိုးဘွားအဆက်ဆက်က ထားခဲ့တဲ့ ယာမြေအမြောက်အမြားနဲ့ တောင်သူလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတဲ့သူ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှ တောင်သူလုပ်ငန်းအတွက် အရင်းအနှီးဖြစ်တဲ့ အလုပ်သမားခတွေ ဈေးကြီးလာခြင်း ၊ ရာသီဥတုမှန်ကန်မှုမရှိခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ရရှိလာတဲ့ သီးနှံပမာဏ ၊ သီးနှံဈေးနှုန်းနဲ့ ဘယ်လိုမှ မကာမိတော့တာကြောင့် အခုလို ယာမြေပေင်ရတဲ့ အဆင့်အထိဖြစ်လာတာပါ။
မလွယ်ကူပါ
‘ ယာတွေမြေတွေ ပေါင်တာရောင်းတာတော့ အခုနောက်ပိုင်းမဆန်းတော့ဘူး၊ ရှုပ်နေတာပဲ ။ ကိုယ်ဟာနဲ့ကိုယ် မသိအောင် တစ်မျိုး ၊ သိအောင်တစ်မျိုးပါပဲ၊ လုပ်ရတာ မလွယ်ဘူးတောင်သူတွေလဲ ‘ လို့ မြိုင်မြို့နယ် တောရွမှ ဦးနုက ပြောပါတယ်။
အရင်ကဆို တောင်သူတွေအနေနဲ့ ယာမြေတစ်ကွက်ပေါင်ဖို့ ရောင်းဖို့ဆိုတာ လွယ်လွယ်ဆုံးဖြတ်လို့ မရနိုင်တဲ့ကိစ္စပါ။စားဝတ်နေရေး မပြေလည်မှုတစ်ခုအတွက်နဲ့ ယာမြေတွေပေါင်ရောင်းကြအောင်အထိ မရှိခဲ့ ။လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်ဖို့လျာထားချင် တစ်ခုခုရှိမှသာ လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စပါ။
လက်ရှိမှာတော့ တောင်သူတော်တော်များများဟာ စားဝတ်နျေရး ကျပ်တည်းမှုတွေ ပိုမိုကြီးထွားလာတာကြောင့် များသောအားဖြင့် ယာမြေတွေကို ပေါင်၊ ရောင်းကြတဲ့ အဆင့်ထိ ဖြစ်လာတာပါ။ယာမြေတွေ ပေါင် ၊ ရောင်းတဲ့အခါမှာလည်း များသောအားဖြင့်က ငွေရှင်ကြေးရှင်းတွေက ယူကြတာများတဲ့အတွက် ချမ်းသာတဲ့သူတွေထပ်ချမ်းသာပြီး ဆင်းရဲတဲ့သူတွေက ပိုပိုပြီးသာဆင်းရဲလာနေတဲ့ အခြေအနေပါ။ဒါ့အပြင် အခုနာက်ပိုင်မှာ တောင်သူလုပ်ငန်းခွင်တစ်ခုတည်းနဲ့ သီးသန့်ရပ်တည်တာအနည်းငယ်သာရှိလာပြီး စားဝတ်နေရေးပြေလည်ဖို့အတွက် တခြားလုပ်ငန်းတစ်ခုခုနဲ့ တွဲပြီး လုပ်ကိုင်နေကြရတာများပါတယ်။
ဆည်ရေသောက်စိုက်ပျိုးနိုင်တဲ့ ဒေသတွေမှာတော့ နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးနိုင်တဲ့အတွက် ယာမြေတွေကို ပေါင်၊ ရောင်းကြရတဲ့ အဆင့်ထိတော့မဟုတ်ဘဲ နေ့စား အငှါးလိုက်တာတို့ ၊ တခြားလုပ်ငန်းနဲ့ တွဲလုပ်တာတို့လောက်ပဲ ရှိတယ်လို့သိရပါတယ်။
‘ ဆည်ရေသောက်ဖြစ်တဲ့ နေပြည်တော်တို့လိုကျ ကိုယ့်မှာ တောင်သူလုပ်ငန်းရှိရက်နဲ့စားဖို့မလုံလောက်လို့ နေ့စာတို့ ဘာတို့ လုပ်ကြရတာများပါတယ် ၊ ဦးထင်တယ် တောင်သူအဓိကလုပ်တဲ့ အပူပိုင်းဒေသတွေလို တစ်သီးစားတောင်သူတွေကျမလွယ်ဘူးဟ ‘ လို့ နေပြည်တော်ရှိ တောင်သူဦးကိုကိုက ပြောပါတယ်။
လက်ရှိမှာ တောင်သူဦးကြီးတွေအနေနဲ့ တောင်သူလုပ်ငန်းခွင်ကို ဘိုးဘွားပိုင် ယာမြေတွေ မစွန့်လွှတ်နိုင်ခြင်း။ ကိုယ်တက်ကျွမ်းတဲ့ တောင်သူလုပ်ငန်းခွင်သာ လုပ်ကိုင်စေလိုခြင်း စတဲ့ အကြောင်းအရင်တွေကြောင့်သာ လုပ်ကိုင်နေကြရတာပါ ။တောင်သူလုပ်ငန်းကအရင်ကလို မိသားစုအတွက် စားဝတ်နေရေးဖူလုံမှု မပေးနိုင်တော့တဲ့အပြင် အကြွေးသံသရာထဲမှာ နစ်မြုပ်နေကြရတာကြောင့် တောင်သူလုပ်ငန်းကို လုပ်ကိုင်ဖို့ တော်တော်လေး စိတ်ပျက်နေကြပါပြီး ။
ချေးငွေ
အစိုးရအနေနဲ့ကတော့ သည်နှစ်မှာ တောင်သူတွေအတွက် ယာချေးငွေကို ကျပ် ၂၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ တိုးမြှင့်ပေးထားပါတယ်။ ဒါ့အပြင် တောင်သူတွေအတွက် တခြားပြည်ပက ချေးငွေတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကိုလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ကို ပြောင်းရွှေ့ထားပြီး ဖြစ်ပါတယ်။
တောင်သူတွေအနေနဲ့ လွတ်လပ်ရေးရပြီးကတည်းက အစိုးရကနေ နည်းလမ်းပေါင်းစုံနဲ့ ချေးငွေတွေ ထုတ်ချေးခဲ့ပေမဲ့လည်း တောင်သူဦးကြီးတွေရဲ့ စီးပွားရေဖွံ့ဖြိုးတိုးတက်မှုဟာ အားရကျေနပ်စရာမရှိဘူးလို့လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်က နေပြည်တော်မှာ ကျင်ပတဲ့ Myanmar Investment Forum မှာ ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ဖြစ်သလို ပြည်သူတွေရဲ့ ၇၀ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး အများစုက တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။တောင်သူ တစ်ဦးချင်းရဲ့ လယ်ယာမြေပိုင်ဆိုင်မှုဟာလည်း များသောအားဖြင့် ငါးဧက နဲ့ ၁၀ဧကအတွင်းမှာသာရှိကြပြီး ဧက ၅၀ ၊ ၁၀၀ ပိုင်တဲ့ သူဟာ အနည်းငယ်သာ ရှိပါတယ်။ဒါကြောင့် အစိုးရအနေနဲ့ကလည်း ပြည်သူတွေရဲ့ စာဝတ်နေရေး ဖူလှုံဖို့ အဓိကကျတဲ့ စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ကြိုးစားရပါတော့မယ်။ဒါ့အပြင် တောင်သူလုပ်ငန်းခွင် စွန့်ခွာမှု အခြေအနေတွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။
လျှပ်စစ်မီး ၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေလုံလောက်အောင် ရရှိမှု၊ ကျန်းမာရေစောင့်ရှောက်မှု၊ ပညာရေးရရှိမှုစတဲ့ အခြေခံအခွင့်အရေးတွေလည်း တောင်သူတိုင်းအတွက် လိုအပ်ပါတယ်။
မငယ်တစ်ယောက်ကတော့ တောင်သူလုပ်ငန်းခွင်ကို လွတ်လွတ်ကျွတ်ကျွတ် မစွန့်လွှတ်နိုင်သေးသလို တစ်နေ့မှာ ပြန်ရွေးနိုင်ရမယ်ဆိုတဲ့ မျော်လင့်ချက်လေးနဲ့ လက်ထဲက ယာမြေတွေကို မဖြစ်တဲ့ အခြေအနေကြောင့် အပေါင်းသာထားမယ် ဘယ်တော့မှ မရောင်းဘူးလို့လည်း ပြောပါတယ်။
Credit: The Kumudra