ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို စာရင်း ကောက်ယူပြီး စမတ်ကတ် ထုတ်ပေးမှုကို ဇူလိုင်လ ၃ ရက်အထိသာ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။
ကျူးကျော်စာရင်းများကို ကနဦး စီမံချက်(Pilot Project)အဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး ယခုလက်ရှိ မြို့နယ် ၁၃ ခုမှ အိမ်ထောင်စု တစ်သိန်းကျော်ကို စမတ်ကတ် ထုတ်ပေးပြီးဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင်လည်း စာရင်း ကောက်ယူကာ စမတ်ကတ်များ ဆက်လက် ထုတ်ပေးနေကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၃ ရက် နောက်ဆုံးကောက်ဖို့ ညွှန်ကြားထားတယ်။ စာရင်းကောက်ယူတဲ့ အဖွဲ့တစ်ဖွဲ့က မြို့နယ်တစ်ခုမှာ တစ်နေ့ကို ကျူးကျော် အိမ်ထောင်စု ၂၅၀၊ ၃၀ဝ လောက် စမတ်ကတ် ထုတ်ပေးနိုင်တယ်။ ကျန်တဲ့ မြို့နယ်တွေကို သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။
ကောက်ယူရန်ကျန်သည့် မြို့နယ်များတွင် ခန့်မှန်းစာရင်းအရ ကျူးကျော်နေထိုင်သူ အိမ်ထောင်စု သုံးသောင်းကျော်ရှိပြီး အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးရာတွင် အဖွဲ့ပေါင်းရှစ်ဖွဲ့ဖြင့် ထုတ်ပေးနေခြင်း ဖြစ်သည်။
ကျူးကျော် စမတ်ကတ် ထုတ်ပေးပြီးသည့် ၁၃ မြို့နယ်မှာ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာ၊ အလုံ၊ မရမ်းကုန်း၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့ဖြစ်သည်။
ယခုလက်ရှိ တောင်ဥက္ကလာနှင့် ဗဟန်းမြို့နယ်မှ ကျူးကျော်များကို စမတ်ကတ်များ ထုတ်ပေးခဲ့ပြီး ဒေါပုံ၊ ဗိုလ်တစ်ထောင်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မင်္ဂလာဒုံ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ လမ်းမတော်၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှုး၊ ကွမ်းခြံကုန်းနှင့် လှည်းကူးမြို့နယ်တို့ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇၇၃၈ စု ရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
Credit: The Voice