ဂျပန်နိုင်ငံတွင် ပုဂ္ဂလိကလူနေခန်းများကို နိုင်ငံခြားသားများအား ယာယီတည်းခိုနေထိုင်ရန် ငှားရမ်းခွင့်ပြုသည့် ဥပဒေပြဌာန်း လိုက်ပြီ ဖြစ်ရာ အမေရိကန် အခြေစိုက် Airbnb ကဲ့သို့ ဝက်ဘ်ဆိုက်များ တရားဝင်ရပ်တည်နိုင်လာပြီဖြစ်ကြောင်း တိုကျိုအခြေစိုက် စီးပွားရေး သတင်း ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ယခုခြေလှမ်းမှာ ဂျပန်တွင် လုပ်ငန်းနယ်ပယ်သစ်တစ်ခု ဖွံ့ဖြိုးလာစေရန် တံခါးဖွင့်ပေးလိုက်ခြင်းမျိုးလည်းဖြစ်ကြောင်း ဂျပန်အိမ်ခြံမြေ ဈေးကွက်သုတေသီတို့က ဆိုသည်။
ဥပဒေသစ်သည် ပေါ်ထွန်းလာမည့် လုပ်ငန်းနယ်ပယ်သစ်အတွက် မူဘောင်များချမှတ်ပေးသွားမည်ဖြစ်ပြီး တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ဂျပန်ခရီးသွားလုပ်ငန်းဝန်ကြီး ကိုင်ချီ အိရှိက သတင်းထောက်များကို ပြောကြားသည်။
ယခုနှစ် မေလ ၃၁ ရက်နေ့အထိ အချက်အလက်များအရ အမေရိကအခြေစိုက် Airbnb အိမ်ငှားဝက်ဘ်ဆိုက်မှတစ်ဆင့် ဂျပန်နိုင်ငံတွင် နေအိမ်ရှာဖွေသူပေါင်း ၅ သန်းကျော်ရှိခဲ့သည်ဟု ဆိုသည်။
Airbnb တွင် အိမ်ငှားရန်အတွက် စာရင်းတင်ထားသော ဂျပန်လူနေအိမ်ပေါင်းမှာ ၅၀၀၀၀ ခန့်အထိ ရှိနေသည်။
Airbnb ၏ ပြိုင်ဘက်များသည်လည်း ဂျပန်တွင် ဈေးကွက်ချဲ့ ထွင်ရန် ကြိုးပမ်းလာလျက်ရှိရာ အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ဈေးကွက်ချဲ့ ထွင်မှုမှာ တစ်စထက်တစ်စ အားကောင်းလာလျက်ရှိသည်။
တရုတ်လုပ်ငန်းရှင်တို့ ဦးတည်ပစ်မှတ်ထားသည်မှာ ပြည်မကြီးမှာ လာရောက်လည်ပတ်သူများကို ရေမြေခြားတွင် သူစိမ်းများနှင့် ထိတွေ့ဆက်ဆံရာ၌ စိုးရိမ်သောကရောက်ရမှုများ လျှော့ချပေးနိုင်ရန် အဓိကဦးတည်ခြင်းဖြစ်သည်။
ပြည်မကြီးလုပ်ငန်းရှင်တို့ တည်ထောင်ထားသော Zizaike ဝက်ဘ်ဆိုက်တွင် ဂျပန်အိမ်ခြံမြေပေါင်း ၁၄၀၀၀ ခန့်အထိ ငှားရမ်းရန် စာရင်းတင်ထားမှုရှိနေပြီဟု ဆိုသည်။
ပြီးခဲ့သော ၂၀၁၆ ခုနှစ်အချက်အလက်များအရ Zizaike ဝက်ဘ်ဆိုက်မှတစ်ဆင့် နေအိမ်ရှာဖွေငှားရမ်းသူပေါင်း ၂၀၀၀၀ ခန့်ရှိခဲ့သည်ဟု လည်း ဆိုသည်။
“အိမ်ခန်းတွေ ငှားနေရတာက ဟိုတယ်မှာတည်းခိုရတာလောက် မကုန်ကျဘူး။ ပြီးတော့ ကိုယ့်အိမ်မှာကိုယ်နေရသလိုမျိုး သက်သောင့် သက်သာလည်းရှိတယ်” ဟု ဂျပန်နိုင်ငံသို့ ပြီးခဲ့သောလအတွင်း လာရောက်လည်ပတ်ခဲ့စဉ်က Zizaike ဝက်ဘ်ဆိုက်မှတစ်ဆင့် နေအိမ်ခန်း ငှားရမ်းနေထိုင်ခဲ့သူတစ်ဦးက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)