ကမ္ဘောဒီးယားနိုင်ငံ၊ ပရက်ပီနော့ဗ်ခရိုင်တွင် ဒေသခံများသည် အရှေ့ ဖျားအသံလွှင့်ကုမ္ပဏီ (FEBC) နှင့် မြေယာအငြင်းပွားမှု အရေးနှင့် စပ်လျဉ်း၍ ဆန္ဒပြကြသူများကို အာဏာပိုင်တို့က ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် ဒေသတွင်းအရာရှိတို့က ပြောကြားရာတွင်မူ ဆန္ဒပြသူများကို ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြောင်း ပြောကြားသည်။
မြေပိုင်ရှင်တစ်ဦးဖြစ်သူ လန်းချိုအန်၏ ပြောကြားချက်အရ ဖနွမ်းပင်လေဆိပ်အနီးရှိ ၄ ဟက်တာခန့် ကျယ်ဝန်းသောမြေကို ၁၉၇၉ ခုနှစ်ကတည်းက ဒေသခံ မိသားစုများ ပိုင်ဆိုင်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင်မူ FEBC သို့ ရောင်းချပေးရန် သဘောတူခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်အထိ မြေဖိုးရရှိခြင်းမရှိသောကြောင့် Oknha Sok Heng သို့ ရောင်းချရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် FEBC သည် မိမိတို့၏ မြေနေရာကို Oknha Hong Piv သို့ ရောင်းချခဲ့ပြီးဖြစ်နေသည်ကို တွေ့ရကြောင်း ပြောကြားသည်။
အခြားမြေပိုင်ရှင်တစ်ဦးဖြစ်သူ မော်သွန်၏ ပြောကြားချက်အရ အဆိုပါမြေနေရာကို ရွာသားများထံ ပြန်ပေးရန် တရားရုံးတစ်ခုက အမိန့်ချမှတ်ခဲ့ရာ FEBC က အယူခံဝင်ထားပြီး အပြီးသတ်အမိန့်ချမှတ်ရသေးခြင်းမရှိကြောင်း ပြောကြားသည်။
FEBC ၏ ရှေ့ နေ ချန်ဆမ်ဘိုက ပြောကြားရာတွင် တရားရုံးသည် ကျေးရွာသားများအား အနိုင်ပေးခဲ့သည်ကို မိမိတို့သိရှိ အသိအမှတ်ပြု ပါကြောင်း၊ သို့ရာတွင် မြေယာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသည်
မိမိတို့ဘက်မှရှိကြောင်း ပြောကြားခဲ့သည်။
“မြေယာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကို ကျွန်တော်စာရေးတင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခဲ့တယ်။ ဒီစုံစမ်းမှုအရ မြေယာကိစ္စမှာ မူမမှန်တာတွေ အများကြီးတွေ့ခဲ့ရပြီး ပွဲစားတွေ၊ ဒေသခံတွေနဲ့ စာရွက်စာတမ်းထုတ်ပေးတဲ့ ဒေသတွင်း အာဏာပိုင်တွေအကြားမှာ ပူးပေါင်းလိမ်လည်မှု စနစ်တကျလုပ်ထားတာကို တွေ့ခဲ့ရတယ်” ဟု ချန်ဆမ်ဘိုက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)