ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမ ပုဂ္ဂလိကဘဏ် ပါဝင်လာခဲ့သည့် ဇန်န၀ါရီလ၏ အရောင်းအ၀ယ်ဖြစ်မှုမှာ ကျပ် ၂ ဒသ မ ၂ ဘီလျံကျော်အထိ ရှိခဲ့ပြီး စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီလေးခု၏ အရောင်းအ၀ယ်ဖြစ်မှု ကျပ် ၇၃ ဘီလျံကျော်အထိ ရှိလာခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရ သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများ၏ အစုရှယ် ယာဈေးနှုန်းများ ကျဆင်းမှု ဖြစ်ပေါ်နေသော်လည်း ပထမပုဂ္ဂလိကဘဏ် ဇန်န၀ါရီ ၂၀ ရက်တွင် ပါဝင်လာပြီးနောက် အရောင်းအ၀ယ်ဖြစ်ပွားမှု စံချိန် တင် ကျဆင်းခဲ့သည့် ယခင်လထက် ဈေးကွက် အရောင်းအ၀ယ်ဖြစ်မှု ပြန် လည်မြင့်တက်ကာ ကျပ် ၂ ဒသမ ၂ ဘီလျံကျော်အထိ ပြန်လည် ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။
FMI, MTSH နှင့် MCB စသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ သုံးခု၏ ဇန်န၀ါရီ ၁၉ ရက်အထိ အရောင်းအ၀ယ်ဖြစ်မှုမှာ ကျပ် သိန်း ၃၉၀၀ ခန့်သာ ရှိသည်အထိ ကျဆင်းခဲ့ရာမှာ ပထမပုဂ္ဂလိကဘဏ် ပါဝင်လာခြင်းကြောင့် စတော့အိတ်ချိန်း၏ အရောင်းအ၀ယ်ဖြစ်မှုမှာ စံချိန် တင် နည်းပါးခဲ့သည့် ယမန်နှစ် ဒီဇင်ဘာလ ထက် ပြန်များလာခဲ့ခြင်း ဖြစ် သည်။
ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာတန်ဖိုးမှာ စတင်ရောင်းချ သည့် လေးရက် အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀ အောက်သို့ ဇန်န၀ါရီ ၂၅ ရက်တွင် ကျပ် ၃၃၅၀၀ အဖြစ်သို့ ရောက်ရှိပြီးနောက် ဇန်န၀ါရီ ၂၆ ရက်တွင်လည်း အဖွင့်ဈေးတွင် ကျပ် ၃၂၅၀၀ အထိ ကျဆင်းခဲ့ကာ အပိတ်ဈေးတွင်ကျပ် ၃၃၀၀၀ သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ထိုမှ ဇန်န၀ါရီ ၂၇ ရက်တွင် ကျပ် ၃၃၀၀၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့ပြီးနောက် ဇန်န၀ါရီ ၃၀ ရက် အဖွင့်ဈေးတွင်မူ ရှယ်ယာ တစ်စု ကျပ် ၃၁၀၀၀ သို့ ကျဆင်း ခဲ့ခြင်း ဖြစ်ပြီး အပိတ်ဈေးတွင်မူ ကျပ် ၃၂၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုသို့ ကျဆင်းနေရာမှ ဇန်န၀ါရီ ၃၁ ရက်တွင် အနိမ့်ဆုံးဈေးအဖြစ် ကျပ် ၃၀၅၀၀ သို့ ရောက်ရှိခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် လစဉ် ရှယ်ယာအရောင်း အ၀ယ် ဖြစ်ပေါ်နေ မှုမှာ မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီ တစ်ခုတည်း မှ ကျပ်ငါးဘီလျံ ကျော်၊ မေလ ၂၀ ရက်တွင် သီလ၀ါရှယ်ယာ စတင်ရောင်း ချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်၂၆ ရက် တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံ ကျော်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်း အ၀ယ် ဖြစ်ပေါ်ခဲ့သည်။
အောက်တိုဘာလတွင် သီလ၀ါရှယ်ယာများ ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ် ၀င်စားမှု များပြားလာသဖြင့် ကျပ် ၄ ဘီလျံကျော်ဖိုးအထိ အရောင်းအ ၀ယ် ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာလတွင်မူ အရောင်းအ၀ယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်သာ ရှိခဲ့ပြီး ဒီဇင်ဘာလတွင် ကျပ် ၁ ဒသမ ၆ ဘီ လျံ ကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်သဖြင့် စတော့အိတ်ချိန်း စတင်သည့် ၁၀ လအတွင်း ရောင်းအားကျဆင်းမှု အဆိုးဆုံးဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အရောင်းအ၀ယ်ဖြစ်မှုမှာ ကျပ် ၇၀ ဒသမ ၇ ဘီလျံကျော်အထိ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီတွင်မူ ကျပ် ၂ ဒသမ ၂ ဘီလျံကျော် အရောင်းအ ၀ယ်ဖြစ်ခဲ့သဖြင့် စာရင်းဝင်ကုမ္ပဏီ လေးခု၏ အစုရှယ်ယာ အရောင်းအ ၀ယ်ဖြစ်မှု ကျပ် ၇၃ ဘီလျံကျော်အထိ ရောက်ရှိလာခြင်း ဖြစ်သည်။
Credit: Eleven Media Group