လတ်တလောပြင်ဆင်ရေးဆွဲနေတဲ့ လယ်ယာမြေဥပဒေထဲမှာ စိုက်ပျိုးမြေအတွက်သာမက မွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ မြေယာပြဿနာတွေကို ဖြေရှင်းရာမှာ ပိုမိုအထောက်အကူပြုလာနိုင်မယ့် အချက်တွေ ထည့်သွင်းထားပါတယ်။
စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ၊ လက်ထောက်အတွင်းဝန်ဒေါက်တာ ထွန်းလွင်က ‘ဒီလယ်ယာမြေဥပဒေကို ပြင်ဆင်ဖို့ တွန်းအားပေးတဲ့အချက်တွေကတော့ အများကြီးပဲ ၊ ဒီထဲမှာ လက်ရှိဖြစ်နေတဲ့ ငါးမွေးမြူရေးလုပ်တဲ့သူတွေရဲ့ မြေယာပြဿနာတွေလို ဖြစ်မလာအောင်လဲ
ပြင်ဆင်ပေးဖို့ တင်ပြခဲ့တယ် ၊ အဓိကကတော့ စိုက်ပျိုးတဲ့ မြေယာတွေအတွက်သာမက မွေးမြူရေးလုပ်တဲ့ မြေတွေနဲ့ပါ သက်ဆိုင်အောင်ပေါ့’ လို့ ပြောပါတယ် ။
လက်ရှိမှာ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး မွေးမြူရေးလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ ပြဿနာကတော့ သီးနှံစိုက်ပျိုးမြေကို အခြားနည်းလမ်းနဲ့ အသုံးပြုရာမှာ ပြစ်ဒဏ်သတ်မှတ်တဲ့ အချက်ဖြစ်ပါတယ် ။
‘ဒီဥပဒေမှာ စိုက်ပျိုးမြေကို အခြားနည်းလမ်းနဲ့ အသုံးချတယ်ဆိုရင် ဒဏ်ငွေချမှတ်ရမယ်လို့ပဲပါတယ် ၊ ဘယ်လောက်ဆိုတဲ့ ငွေပမာဏက မပါဘူး ၊ ဒီတော့ ပြည်နယ် / တိုင်းအစိုးရကနေပဲ ဒဏ်ငွေချမှတ်တယ် ၊ အဲဒီမှာ များတယ် နည်းတယ်ဆိုတာတွေ ဖြစ်လာရော ၊ ဥပဒေမှာ ပါပြီးသားဆိုရင် ဘာမှပြောစရာမလိုဘူး ၊ ပြီးတော့ မွေးမြူရေးလုပ်တဲ့မြေနေရာက ဧကတွေအများကြီးလိုတယ်လေ အခြားလုပ်ငန်းတွေထက်’ လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ် ။
ငါးမွေးမြူရေးလုပ်ငန်း အများဆုံးလုပ်ကိုင်တဲ့အထဲမှာ ပါဝင်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် တိုင်းဒေသကြီးအစိုးရက စိုက်ပျိုးမြေတွေကို မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက် ဒဏ်ငွေတစ်ဧက ကျပ် ၁၀ သိန်းနှုန်းနဲ့ သတ်မှတ်ခဲ့ပါတယ် ။ သည်ဒဏ်ငွေနဲ့ပတ်သက်ပြီး ငါးလုပ်ငန်းရှင်တွေဘက်က မကျေလည်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ် ။
တစ်ဧက နှစ်သိန်း
ဒေါက်တာ ထွန်းလွင်က ‘သူတို့အနေနဲ့ ဒီဒဏ်ငွေက များတယ်လို့ ပြောကြတယ် ၊ ပေးနိုင်တဲ့သူတွေရှိသလို မပေးနိုင်တဲ့သူတွေလဲ ရှိတာပေါ့ ၊ နောက်ဆုံးတော့ တစ်ဧကကို နှစ်သိန်းနှုန်းနဲ့ ပြီးသွားတယ်လို့ ကြားတယ်’ လို့ ပြောပါတယ် ။
ပဲခူးတိုင်းဒေသကြီးမှာတော့ သည်ဒဏ်ငွေနဲ့ပတ်သက်ပြီး အခုထိမဖြေရှင်းနိုင်သေးဘူးလို့ သိရပါတယ် ။ သည်
ဒဏ်ငွေပမာဏဟာ ၂၀၁၂ လယ်ယာမြေဥပဒေထဲမှာ မပါဝင်တဲ့အတွက် အခုလို မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ဖြေရှင်းမှုတွေ ပြုလုပ်နေရတာဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရကို ဒဏ်ငွေဆုံးဖြတ်ခိုင်းတာကတော့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က ဖြစ်တယ် ။
‘ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့အခါမှာ ဒါတွေပါ ထည့်စဉ်းစားပေးဖို့ တွန်းအားပေးထားတယ် ၊ ဒီဥပဒေမှာ စိုက်ပျိုးရေးတင်မဟုတ်ဘဲ မွေးမြူရေးနဲ့ပါ သက်ဆိုင်အောင်ပေါ့ ၊ ပါမယ် မပါမယ်ဆိုတာတော့ မသိရသေးဘူး ပါမှာများမယ်လို့ပဲ ပြောနိုင်ပါတယ် ၊ ဘာလို့လဲဆိုတော့ ဒီဥပဒေကို ပြင်ဆင်ဖို့ အဓိကအကြောင်းတွေထဲမှာ ဒါလဲပါတယ်’ လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ် ။
လက်ရှိမှာတော့ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ၂၀၁၂ လယ်ယာမြေဥပဒေကို ပြင်ဆင်ရေးဆွဲထားပြီး ရေနံချုပ်ရုံးကို တင်ပြထားပြီး ဖြစ်တယ် ။ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်ယာမြေဥပဒေပြင်ဆင်မှုနဲ့အတူ မြေလွတ်မြေရိုင်းဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲနေဆဲဖြစ်ပါတယ် ။
Credit: The Kumudra