မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် လာမည့်သုံးနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်သည့် ဖိအားများ လျော့ကျသွားဖွယ်ရှိကြောင်း ဇန်န၀ါရီ ၃၀ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ ကမ္ဘာ့ဘဏ်ရုံး၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ထို့ပြင် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း အစရှိသည့် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ၊ အကြီးစားကုန်စည် မဟုတ်သည့် ထုတ်လုပ်ရေး ကဏ္ဍများတွင် အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန် လိုက်သည်။
စီးပွားရေး တိုးတက်မှုနှုန်းအရ ရှေ့အလားအလာမှာ အကောင်းဘက် ဦးတည်နေသော်လည်း ထိုနှုန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန်မှာ မြန်မာနိုင်ငံအနေဖြင့် မေခရို စီးပွားရေးဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန် လိုက်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ (Myanmar Economic Monitor) တွင် ဖော်ပြထားသည်။
ထုတ်လုပ်မှုနှုန်း နိမ့်ပါးခြင်း၊ ယှဉ်ပြိုင်စွမ်းအားမြင့်မားသည့် ကမ္ဘာ့ဈေးကွက်နှင့် ယှဉ်ပြိုင်ရခြင်း၊ ထုတ်လုပ်နိုင်သည့် ကုန်စည်အမျိုးအစား အမယ်မစုံလင်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လွယ်ခြင်းနှင့် ပြည်ပမှဝယ်ယူ တင်သွင်းရသည့် ကုန်စည်ဈေးနှုန်းများ မြင့်တက်နိုင်ခြင်း စသည်တို့မှာ အဆိုပါ အန္တရာယ်များအနက် အချို့ဖြစ်ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပြည်သူတွေ ၀င်ငွေတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ရရှိစေဖို့နဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ အရေးကြီးတာက ပြည်သူအားလုံး ပါဝင်နိုင်ပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားနိုင်မယ့် မူဝါဒတွေ ဖြစ်ပါတယ်။ ဒီလိုမူဝါဒတွေက ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘ၀တွေအပေါ် သက်ရောက်မှု အားပြင်းလေ့ရှိတဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်ဖို့ အတွက်လည်း အဓိကကျပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေကိုယ်စားလှယ် မစ္စတာ အဗ္ဗဒူလာရေဆက်က ပြောကြားသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလျက်ရှိရာ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၎င်း၏စီးပွားရေး မူဝါဒများကို အများပြည်သူ ယုံကြည်မှု ရရှိနိုင်ရန်အတွက် ရှင်းလင်းလွယ်ကူစွာ အသိပေးဆက်သွယ်ရန် ဆိုသည့် အချက်သည် အရေးကြီးကြောင်း အစီရင်ခံစာက အကြံပြုထားသည်။
မြန်မာနိုင်ငံ အစိုးရသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ချက်ကို ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သည့် အားလျော်စွာ စီးပွားရေးမူဝါဒများနှင့် ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ပုံမှန်ထုတ်ပြန်လျက်ရှိရာ ထိုအချက်က စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်များကို ခိုင်မာစေနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချရမှုကို တိုးစေသည့်အတွက် ဆက်လက် လုပ်ဆောင်သွားရမည်ဟု ကမ္ဘာ့ဘဏ်က တိုက်တွန်းထားသည်။
ထို့ပြင်မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများသည် ၂၀၁၆-၂၀၁၇ ကာလတွင် နှေးကွေးသွားခဲ့ရာ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ အားပျော့လာကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာကို၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃၀ ရက်က ကမ္ဘာ့ဘဏ်ရုံး၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ယခင်နှစ်က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများ၏ နောက်ဆက်တွဲဖြစ်သည့် ကုန်စည်ထောက်ပံ့မှု ကျဆင်းခြင်းမှ ပြန်လည်နာလန်ထရန် ဆက်လက်ကြိုးပမ်းနေရဆဲ ဖြစ်သည့်အတွက် အစိုးရသစ်၏ ပထမခြောက်လသည် ခက်ခဲသော စီးပွားရေးဝန်းကျင် အနေအထားတွင် ဆုံးဖြတ်လုပ်ကိုင် ခဲ့ရခြင်းဟု ဆိုနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရေကြီးရေလျှံခြင်း၊ ကုန်စည်ဈေးနှုန်း ကျဆင်းခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှေးကွေးလျက် ရှိခြင်းတို့ကြောင့် စာရင်းရှင်နှင့် ဘဏ္ဍာရေး လိုငွေပြမှုတို့ ပိုမိုကြီးမားလာခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ဆိုင်ကလုန်း ကိုမင်ကြောင့် ရေကြီးရေ လျှံမှုဒဏ်ခံခဲ့ရသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ပြန်လည်နာလန်ထူရန် ကြိုးပမ်းမှုသည် ကုန်ထုတ်စွမ်းအားအပေါ် အကျိုးသက်ရောက်မှုရှိသည့် မျိုးစေ့အရည်အသွေးနှင့် မြေသြဇာ ထောက်ပံ့နိုင်မှုစသည့် ကာလတာရှည် ဖြစ်တည်လာခဲ့သည့် ကိစ္စရပ်များကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ကြောင်း ဒီဇင်ဘာလထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင်
ဖော်ပြထားသည်။
ထိုအချက်သည် စားသောက်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းကဲ့သို့သော လုပ်ငန်းများ လည်ပတ်ဆောင်ရွက်ရန် နှေးကွေးရခြင်း အကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက် တစ်လျှောက်လုံးတွင် စီးပွားရေးကဏ္ဍ ထောက်ပံ့ရာတွင် အခက်အခဲများ ရှိခြင်းကလည်း ငွေကြေးဖောင်းပွမှု မြင့်မားလာစေခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။
အစိုးရသစ် တာဝန်ယူပြီး ပထမခြောက်လအတွင်း အစိုးရသည် မလွယ်ကူသည့် စီးပွားရေးနှင့် လုံခြုံရေး အခြေအနေတွင် သတိထားပြီး ကိုင်တွယ် ဖြေရှင်းခဲ့ကြောင်း၊ ဘဏ္ဍာငွေ သတိထားသုံးစွဲမှုကို ထိန်းသိမ်းမည့် ခြေလှမ်းများ ချမှတ်ခဲ့ရာ ငွေကြေးဖောင်းပွမှုကို လျှော့ချရာတွင် ကူညီခဲ့သည်ဟု ဆိုသည်။ အရေးကြီးသော အရာများ ဖြစ်ကြသည့် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေးဝန်းကျင် အနေအထား ပြုပြင်ပြောင်းလဲမှုတို့ကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရေကြီးရေလျှံမှု ခံစားခဲ့ရသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပြန်လည်ဦးမော့လာရေးတွင် ထိုကဏ္ဍ၌ နဂိုကတည်းက ကာလတာရှည်သဖွယ် ရှိလာခဲ့သည့် ထုတ်လုပ်မှုဆိုင်ရာ အခက်အခဲ များကြောင့်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ကြောင်း၊ အစားအစာ စီမံပြုပြင်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလောက အသက်ဝင်မှု၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုစသည့် စီးပွားရေးကဏ္ဍကြီးများမှ ထုတ်လုပ်မှုများ အရှိန်ကျဆင်း နှေးကွေးသွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Credit: Eleven Media Group