ဟောလိဝုဒ် အစောပိုင်းကာလများတွင် ပေါ်ပေါက်ခဲ့သည့် ကမ္ဘာကျော်လူရွှင်တော်ကြီး ချာလီချက်ပလင် သည် သူ၏ စတူဒီယိုတွင် အလုပ်လုပ်သည့် သရုပ်ဆောင်များနှင့် အခြားပညာရှင်တို့ နေထိုင်ရန်အတွက် North Formosa Avenue တွင် ဘန်ဂလိုများတည်ဆောက်ခဲ့သည်။
ယင်းဘန်ဂလိုများကို ၁၉၂၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းပေ ၅၆၀ မှ ၇၀၀ ကြားသာရှိသော အဆောက်အအုံငယ်များ ဖြစ်ကြသည်။
ရုပ်ရှင်စတူဒီယိုမှာ ယခုအခါ The Jim Henson Co., ၏ ရုံးချုပ်ဖြစ်နေပြီး ဘန်ဂလိုများမှာမူ တည်ရှိဆဲဖြစ်သည်။
ဝယ်ယူလိုက်သူမှာ ပြည်တွင်းအိမ်ခြံမြေရင်းနှီးမြှပ်နှံသူ မိုက်ကယ်ကီစလာ ဖြစ်သည်။
၎င်းက ဘန်ဂလိုများကို မူရင်းဟန်အတိုင်း ပြုပြင်မွန်းမံထိန်းသိမ်းသွားမည်ဟု ကတိပြုခဲ့ကြောင်း မိုက်ကယ်ကီစလာ၏ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ရောဘတ်စီပိုလိုနီ ကပြောကြားသည်။
ယခင်က ဘန်ဂလိုများကို အိမ်ငှားများအား အကြိမ်ကြိမ်အငှားချခဲ့ပြီး ပိုင်ရှင်ဖြစ်သူ လာရီဒေးဗစ် ကွယ်လွန်ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။
ရောဘတ်စီပိုလိုနီက ဒေးဗစ်၏ ညီမဖြစ်သူ မာစီယာနှင့်ညှိနှိုင်းခဲ့ပြီး မိုက်ကယ်ကီစလာက ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဝယ်လက်ပေါင်းများစွာ လာရောက်ကြည့်ရှုခဲ့သော်လည်း ဘန်ဂလိုများကို ဖြိုချကာ အဆောက်အအုံသစ်များ ဆောက်လုပ်ရန်ရည်ရွယ် ဝယ်ယူမည့်သူများဖြစ်ခြင်းကြောင့် မရောင်းချဖြစ်ခဲ့ပဲ မိုက်ကယ်ကီစလာနှင့်အရောင်းအဝယ်တည့်ခဲ့ခြင်းဖြစ်သည်။
ယင်းဘန်ဂလိုများတွင် ကမ္ဘာကျော်သရုပ်ဆောင်များ နေထိုင်ခဲ့ကြဖူးသည်။
နာမည်ကျော်သရုပ်ဆောင် ဗလင်တီနိုသည် The Cobra ၊ The Son of the Sheik နှင့်The Eagle ဇာတ်ကားများ ရိုက်ကူးစဉ် ၁၉၂၀ ပြည့်လွန်နှစ်များအတွင်း နေထိုင်ခဲ့ဖူးသည်။
ထို့အပြင် ဒေါက်ဂလပ် ဖဲယားဘန့်ခ်သည်လည်း The Thief of Bagdad ၊ The Black Pirate နှင့်The Iron Mask ဇာတ်ကားများရိုက်ကူးစဉ် နေထိုင်ခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)