ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းမျိုးစုံကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် PRO 1 Home Center လေးဆိုင်မြောက်ဆိုင်ခွဲကို အမှတ် (၂) လမ်းမပေါ် ဒဂုံအရှေ့ပိုင်းတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
အဆိုပါ PRO 1 Home Center တွင် အိမ်တစ်လုံးမှ အထပ်မြင့် အဆောက်အအုံများအထိ ဆောက်လုပ်ရန် လိုအပ်သည့် ပစ္စည်းများအပြင် အိမ်တစ်လုံး အလှဆင်ရန်အတွက် အိမ်တွင်းအလှဆင် မျိုးစုံကိုပါ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။
PRO 1 Home Center တွင် ဆောက်လုပ်ရေးများအတွက် လိုအပ်သောသံချောင်း၊ ဘိလပ်မြေများမှ အစအိမ်အမိုးနှင့် နံရံမျက်နှာကျက် အမျိုးမျိုး၊ အရည်သွေးမြင့် ကြွေပြားနှင့် ကျောက်ပြားများ၊ အလှဆင်မီးဆိုင်းများနှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ တံခါးနှင့်ပြတင်းပေါက် အမျိုးမျိုး၊ ပရိဘောဂများအပြင် အခြားကိရိယာမျိုးစုံကို မိမိနှစ်သက်ရာ ပြည်တွင်းပြည်ပ အမှတ်တံဆိပ်များကိုပါ ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။
“ဒါက အရှေ့တောင်အာရှမှာဆိုရင် ဒုတိယအကြီးဆုံး အိမ်ဆောက်ပစ္စည်း အရောင်းစင်တာ ဖြစ်တယ်။ ဒါလိုမျိုး မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍအတွက် အထောက်အကူဖြစ်မယ့် စင်တာကြီး တိုင်ရင်းသား လုပ်ငန်းရှင်တွေက ဖော်ဆောင်နေလို့ ဂုဏ်ယူရပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားသည်။
Pro 1 Home Center ၏ ထူးခြားသော ဝန်ဆောင်မှုများအနေဖြင့် ကုန်ပစ္စည်းများ၏ သတင်းအချက်အလက်များကို ရှင်းလင်းပြသပေးခြင်း၊ အရောက်ပို့ ဝန်ဆောင်မှုစနစ်၊ စီးမံကိန်းများအတွက် အထူးအမှာစာ၊ မှားယွင်းဝယ်ယူမိသော ပစ္စည်းများကို ပြန်လဲလှယ်ပေးခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းနှင့် ပတ်သက်ပြီး အကြံပေးဝန်ဆောင်မှု၊ ဝယ်ယူထားသော ပစ္စည်းများ တပ်ဆင်ရန် လိုအပ်ပါက ကန်ထရိုက်တာများနှင့် ချိတ်ဆက်ပေးခြင်းနှင့် အစဉ်အမြဲ ဝယ်ယူအားပေးသော ဖောက်သည်များအတွက် Member ကတ်စနစ်များ ပါဝင်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး အိမ်ဆောက်ပစ္စည်း အရောင်းစင်တာPRO 1 Home Center ကို ရန်ကုန်မြို့တွင် ဆိုင်ခွဲသုံးဆိုင် ဖွင့်လှစ်ထားပြီး မန္တလေးမြို့တွင် ဆိုင်ခွဲ ၁ ဆိုင် ဖွင့်လှစ်ထားကာ ယခုနှစ်အတွင်းတွင် မန္တလေးမြို့နှင့် မော်လမြိုင်မြို့တို့တွင် ဆိုင်ခွဲတစ်ဆိုင်စီ ဖွင့်လှစ်သွားမည် ဖြစ်သည်။
Credit: The Voice