အိမ်ထောင်မရှိသော အမျိုးသမီးများသည် ပြီးခဲ့သည့်ရာစုနှစ်အတွင်း အစွမ်းထက်သောပုဂ္ဂိုလ်များအဖြစ်သို့ ပြောင်းလဲလာကြသည်။
အနည်းဆုံးတော့ သူမတို့ကို အိမ်ခြံမြေ၀ယ်လက်အဖြစ်မှ ငြင်း၍မရနိုင်တော့ပြီဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ယနေ့ခေတ် အိမ်ဝယ်လက်များ၏ ၁၇ ရာခိုင်နှုန်းသည်
အိမ်ထောင်မရှိသော အမျိုးသမီးများဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း ရှိခဲ့ရာမှမြင့်တက်လာခဲ့ကြောင်း ဆောက်လုပ်ရေးသတင်းဝက်ဘ်ဆိုက်ဒ် Construction Dive ကအမေရိကန်အမျိုးသားအိမ်ခြံမြေအကျိုးဆောင်များအသင်း (NAR ) ၏ မကြာသေးမီကပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်ကို ကိုးကား၍ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
အိမ်ထောင်မရှိသော အမျိုးသားများမှာမူ ယနေ့ခေတ် အိမ်ဝယ်လက်များ၏ ၇
ရာခိုင်နှုန်းသာ ဖြစ်ပြီး ၁၉၈၁ ခုနှစ်က ၁၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ကျဆင်းခဲ့သည်။
ကျား၊ မ လုပ်ခလစာကွာဟမှုက ကြီးမားနေဆဲဖြစ်သည့်တိုင် အိမ်ထောင်မရှိသောအမျိုးသားများ၏ အိမ်ဝယ်ယူမှုပမာဏက ထိုသို့ကျဆင်းနေခြင်းဖြစ်သည်မှာ
စိတ်ဝင်စားဖွယ်ကောင်းလှသည်။
၂၀၁၆ ခုနှစ်တွင် အိမ်ထောင်မရှိသော
အမျိုးသားအိမ်ဝယ်လက်များ၏ တစ်နှစ်တာဝင်ငွေက အမေရိကန်ဒေါ်လာ ၆၉,၆၀၀ ရှိစဉ်အိမ်ထောင်မရှိသော အမျိုးသမီးအိမ်ဝယ်လက်များသည် အမေရိကန်ဒေါ်လာ ၅၅,၃၀၀
သာ ၂၀၁၆ တစ်နှစ်တာတွင် ရရှိခဲ့ကြသည်။ ဤသို့လျှင် မည်သည့်အချက်က
ထိုအမျိုးသမီးများအား အိမ်ဝယ်ယူရန် တွန်းအားပေးနေခဲ့သနည်း။
အဖြေက ကလေးများတွင် ရှိပါသည်။
ထိုအိမ်ထောင်မရှိသောအမျိုးသမီး အိမ်ဝယ်လက်များ၏ ပျမ်းမျှအသက်အရွယ်မှာ ၅၀
နှစ်ဖြစ်သည်။ ထိုအသက်အရွယ်အိမ်ဝယ်လက်အများစုသည် အသက် ၁၈ နှစ်အောက်ကလေးများကို ဖခင်မပါဘဲ တစ်ဦးတည်းပြုစုပျိုးထောင်နေကြသည့် အိမ်ထောင်မရှိသော
မိခင်များ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အိမ်တစ်အိမ်ပိုင်ဆိုင်ရန် ပိုမိုစဉ်းစားလုပ်ဆောင်ကြခြင်းဖြစ်နိုင်ကြောင်း NAR ၏ အဖွဲ့ဝင်နှင့်သုံးစွဲသူများသုတေသနအဖွဲ့၏
မန်နေဂျာ ဂျက်ဆီကာလုဇ်က ပြောကြားခဲ့သည်။
"လူအများအပြားက အိမ်ငှားခမြင့်တက်လာတာနဲ့ အတိုးနှုန်းမြင့်တက်နိုင်ခြေရှိနေတာ
တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါက ကလေးရှိတဲ့အိမ်တွေအတွက် မလုံခြုံမှုအချို့ကိုပိုပြီးခံစားရစေနိုင်ပါတယ်။ အိမ်ထောင်မရှိတဲ့ မိခင်တွေက အဲ့လိုအချိန်မှာ အတိုးနှုန်းပိုမိုသက်သက်သာသာနဲ့ နေထိုင်နိုင်ဖို့ကို ရှာဖွေလာကြတာဖြစ်ပါလိမ့်မယ်" ဟုလည်း
လုဇ်က ပြောကြားခဲ့သည်။
အိမ်ထောင်မရှိသော မိခင်ဦးစီးသည့် အိမ်ထောင်စုအရေအတွက်သည် ၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်၌ ၁ ဒသမ ၉ သန်းရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင်
၈ ဒသမ ၆ သန်းသို့မြင့်တက်များပြားလာခဲ့ကြောင်း ၂၀၁၃ ခုနှစ်၌ Pew သုတေသနစင်တာက ပြုလုပ်ခဲ့
သော သန်းခေါင်စာရင်း(လူဦးရေစာရင်း) အရ သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com