မန္တလေးတိုင်းဒေသကြိး အစိုးရအတွက် အရေးကြီးဆုံးပြဿနာနဲ့ အခက်အခဲဆုံး ဖြေရှင်းရမယ့် ကိစ္စဟာ မြေယာပြဿနာဖြစ်ပြီး စာရင်းဇယားကောက်ယူမှုတွေ ပြုလုပ်ထားပြီးဖြစ်လို့ အခုနှစ် အတွင်းမှာ အပြီးပြတ်ဖြေရှင်းနိုင်ဖို့ စီစဉ်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောပါတယ် ။
မြေယာပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖြစ် စတင် တာဝန်ယူပြီးတဲ့ လပိုင်းအတွင်းကစတင်ကာ တိုင်းအတွင်းက မြေလွတ်မြေရိုင်းများ စာရင်းဇယား ၊ လယ်ယာမြေ အခြားနည်းအသုံးပြုမှု စာရင်းဇယားများ ၊ ဌာနဆိုင်ရာသိမ်းဆည်းမြေ စာရင်းဇယား များနဲ့ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေတွပေါ်မှာ အိမ် ၊ အဆောက်အအုံဆောက်လုပ်တာတွေ စတဲ့စာရင်းဇယားတွေကို ကောက်ခံပြုစုခဲ့ပြီး အခုအချိန်မှာတော့ စာရင်းဇယားအတိအကျ ရရှိထား ပြီး ဖြစ်တယ်လို့ သိရပါတယ် ။
ရန်ကုန်နဲ့ ကွာခြားမှု‘ရန်ကုန်ရဲ့ အဓိကပြဿနာက transport ပြဿနာပါ ၊ မန္တလေးရဲ့ အဓိက ပြဿနာက မြေယာပြဿနာ ၊ မန္တလေးက ဆည်မြောင်းတာတမံအများဆုံး တိုင်းဒေသကြီး ဖြစ်တယ် ၊ ဆည်ရေသောက်နေတဲ့ ဧရိယာအများဆုံး ၊ စိုက်ပျိုးဧရိယာအများဆုံး ၊ မိုးစပါးနဲ့ နွေစပါး ဆတူထွက်တာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ မန္တလေးတိုင်းတစ်ခုပဲရှိတယ် ၊ ဒီလယ်မြေတွေကို ပြန်ပြီးဖော်ထုတ်ချင်တယ် ၊ တောင်သူတွေကိုလဲ ပြန်ပြီးပေးချင်တဲ့အတွက် ဒါက အဓိက ပြဿနာလို့ ပြောခြင်းဖြစ်တယ်’ လို့ ဒေါက်တာစိုးသန်းက ပြောပါတယ် ။
စာရင်းဇယားကောက်ယူမှုတွေ အကုန်ပြည့်စုံရရှိထားပေမဲ့ ဗဟိုရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာ ဖြစ်ပြီး အခုနှစ်ဘတ်ဂျက်လအတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လျာထားတယ်လို့ သိရပါတယ် ။
ပြင်ဆင်ထား မြေလွတ်မြေရိုင်း ချထားပေးမှုဟာ မန္တလေးတိုင်းအတွင်းမှာ အများဆုံးဖြစ်ပြီးတော့ ရရှိထားကြတဲ့သူတွေဟာ လည်း ပြည်သူတွေ သိပြီးသား အသိုင်းအဝိုင်းက ဖြစ်ကာ ဧကပေါင်း ၅၀,၀၀၀ ကျော်ရှိတယ် ။
လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မှာလည်း ဧကပေါင်း ၈၀၀၀ ကျော်ရှိပြီး အသုံးပြုမှုမရှိတဲ့ မြေလွတ်မြေရိုင်း ဧက ၄၀,၀၀၀ကျော်နဲ့ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်အတွက် ချထား ပေးပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ ဧက ၄၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းသွားမှာ ဖြစ်ပါတယ် ။
ဒေါက်တာစိုးသန်းကပဲ ‘ပြန်လည်သိမ်းဆည်းတဲ့အခါမှာ ပြဿနာတွေ ရင်ဆိုင်ရမယ်ဆိုတာ သိပြီးသားပါ ၊ ဆန္ဒပြတာတွေ ရှိလာမယ် ၊ ကြာလာတော့ တရားဥပဒေစိုးမိုးရေး ထိခိုက်လာတယ် ၊ တရားဥပဒေမစိုးမိုးဘူး ၊ ဒီမှာတရားဥပဒေက အခိုင်အမာရှိနေတယ် ၊ ရှိနေလျက်နဲ့ မလိုက်နာကြဘူး ၊ တရားဥပဒေ စိုးမိုးရေးကိုဆောင်ရွက်မှာပါ ၊ ရင်ဆိုင်ရမယ့် Impact လာမယ်ဆိုတာ မျှော်လင့်ထားပြီးသား ၊ ဒါပေမဲ့ ဒီ Impact ကို ကြောက်ပြီးတော့ မလုပ်ဘဲနေမလား ၊ အဲဒီတော့ မန္တလေးတိုင်းအတွင်းက လယ်ယာမြေတွေကို ဒီအတိုင်းအဆုံးရှုံးခံမလား’ လို့ပြောပါတယ် ။
ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က စားနပ်ရိက္ခာဖူလုံတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ဖို့အတွက် စီစဉ်ညွန်ကြား ထားပြီးဖြစ်လို့ လယ်ယာမြေများ ပြန်လည် အကောင်အ ထည်ဖော် ဆောင် ရွက်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရတွေအနေနဲ့ စီစဉ်ဆောင်ရွက် နေတယ်လို့ သိရပါတယ် ။
‘ပြဿနာတွေရင်ဆိုင်ရမယ် ဆိုတာကို ချင့်ချိန်ပါတယ် ၊ ဒါကြောင့်လဲ အချိန်တွေ နည်းနည်း ကြာသွားတဲ့သဘောပါ ၊ ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးက ဖော်ဆောင်ရမှာပါပဲ ၊ပြန်လည် သိမ်းဆည်းလို့ရတဲ့ မြေယာတွေကို နိုင်ငံတော်အတွက် အကျိုးရှိတဲ့လုပ်ငန်းတွေ အကောင်အထည် ဖော်ဆောင်ရွက်မယ်’ လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစိုးသန်းက ပြောပါတယ် ။
ဧကတစ်သောင်းခန့်ပြည်လည်သိမ်းဆည်းဖို့ကိုလည်း တရားဥပဒေနဲ့အညီ သိမ်းဆည်းဆောင်ရွက် သွားမှာ ဖြစ်ပြီး ပြန်လည်သိမ်းဆည်းထားတဲ့ မြေယာတွေထဲက ဧက ၁၀,၀၀၀ ခန့်ကိုတော့ တောင်သူ တွေကို အစားထိးမြေအဖြစ် ပြန်လည်ပေးအပ်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ် ။
မြေယာပြန်လည်သိမ်းဆည်းမှု လုပ်ငန်းစဉ်မှာ မြေလွတ်မြေရိုင်း ပြန်လည်သိမ်းဆည်းမှုမှာဆိုရင် လူကြီးအသိုင်းအဝိုင်းလို့ ပြောကြတဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းတွေနဲ့ ရင်ဆိုင်မြေရှင်းရမှာ ဖြစ်ပြီး လယ်ယာမြေအခြားနည်းသုံးစွဲခွင့်မှာတော့ ခရိုနီအများစုနဲ့ ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။
ဒေါက်တာစိုးသန်းကပဲ ‘အဲဒီနှစ်ခုသည် အခြေခံပြည်သူကို မထိခိုက်ဘူး ၊ အကျိုးတောင်ရှိမှာပါ ၊ အဲဒီကို ရဲရဲဖြေရှင်းနိုင်တယ် ၊ ပြည်သူနဲ့ အခြေခံလူတန်းစားကို ထိခိုက်မယ့် ဟာမျိုးကိုတော့ နည်းနည်းသတိထားရမယ့် အပိုင်းတွေပါတယ် ၊ အဲဒီမှာ နိုင်ငံရေး လှုံ့ဆော်မှုတွေ ထိုးနှက် လာနိုင်တယ် ၊ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်’ လို့ ပြောပါတယ် ။
ဌာနဆိုင်ရာက သိမ်းဆည်းမြေတွေနဲ့ ပတ်သက်ပြီးလည်း စစ်ဆေးချိန်ကစတင်ကာ ဥပဒေနဲ့အညီ သိမ်းဆည်းထားတာလား ၊ လျော်ကြေးပေးခဲ့လား ၊ မြေအစားထိုးပေးခဲ့တာလား ဆိုတာတွေနဲ့ နှိုင်းယှဉ်တာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ ကာကွာ်ရေး ဝန်ကြီးဌာနက ၁၀ ခု ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက နှစ်ခု ၊ ပညာရေးဝန်ကြီးဌာနက တစ်ခုနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တစ်ခုတို့ မြေယာတွေကို ပြန်လည်စွန့်လွတ်သွားမှာ ဖြစ်ပါတယ် ။
‘ပြည်ထဲရေးဆိုရင် ပြညဦးလွင် မီးသတ်သင်တန်းကျောင်းက ဧက ၂၉၀ ပြန်လည်စွန့်လွတ်မယ် ၊ဒီစစ်ဆေးမှုတွေကို ဘယ်ကနေ စစ်လဲဆိုတော့ အားလုံးကိုတော့ မစစ်ဆေးနိုင်သေးတော့ တိုင်ကြားစာတွေကနေ စစစ်တယ်’ လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တစ်ခုတို့ မြေယာတွေကို ပြန်လည်စွန့်လွတ်သွားမှာ ဖြစ်ပါတယ် ။
ထိန်းချုပ်မည့် တောတောင်တွေကို ခုတ်ထွင်ပြီး လူနေအိမ်ရာတွေ ဖော်ဆောင်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်လာမှာဖြစ်ပြီး စားနပ်ရိက္ခာဖူလုံမှုကိုလည်း အတားအဆီး ဖြစ်လာနိုင်တဲ့အတွက် တောတောင်တွေ ခုတ်ထွင်ပြီး အိမ်ရာဖော်ဆောင်တာတွေကိုလည်း စိစစ်အရေးယူသွားမှာဖြစ်တယ် ။
ပြင်ဦးလွင်ဆို တောတောင်တွေ ပျက်တော့မယ် ။ ထင်ရှူးတောတွေခုတ်တယ် ။ ဘူဒိုဇာနဲ့ ထိုးပြီးတော့ အကွက်တွေဖော် လက်ညိုးထိုးရောင်းနေရတယ် ။အရောင်းအဝယ်တွေလုပ်နေကြတယ် ။ ဒါတွေကို မထိန်းလို့မရတော့ဘူး ။မကြာခင်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်တော့မယ်။ ပျက်စီးတော့မယ်လို့ ဆိုပါတယ် ။
မန္တလေးတိုင်းအတွင်းမှာ မြေလွတ်မြေယာအများဆုံးချထားပေးခဲ့တဲ့ နေရာက ပုသိမ်ကြီးနဲ့ ပြင်ဦးလွင်ခရိုင်က အများဆုံးဖြစ်ပြီး လယ်ယာမြေအခြားနည်းအသုံးပြုခွင့် ချထားပေးတာ အများဆုံးကတော့ ညောင်ဦးခရိုင်နဲ့ မန္တလေးခရိုင်တို့ ဖြစ်တယ်လို့ သိရပါတယ် ။
မန္တလေးတိုင်းအတွင်းမှာ မြေယာအရေးလှုပ်ရှားခဲ့တဲ့သူအချိုးနဲ့ လယ်ယာမြေဆုံးရှုံးလို့ ဆန္ဒပြတဲ့သူအချို့ကို အင်နအယ်လ်ဒီအစိုးရအနေနဲ့ ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံနိုင်ငံရေး လှုပ်ရှားမှု အသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ် ။
Credit: The Modern