ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများ၏ အစုရှယ်ယာ ဈေးနှုန်းများ ကျဆင်းမှု ဖြစ်ပေါ်နေသော်လည်း ပထမပုဂ္ဂလိကဘဏ် ဇန်န၀ါရီ ၂၀ ရက်တွင် ပါဝင်လာပြီးနောက် အရောင်းအ၀ယ်ဖြစ်ပွားမှု စံချိန်တင်ကျဆင်းခဲ့သည့် ယခင်လထက် ဈေးကွက်အရောင်းအ၀ယ်ဖြစ်မှု ပြန်လည်မြင့်တက်ကာ ကျပ် ၁ ဒသမ ၉၅ ဘီလျံခန့်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဉ်ထုတ်ပြန်သည့် အရောင်းအ၀ယ်ဖြစ်မှု အခြေအနေများအရ ဇန်န၀ါရီ ၂၆ ရက်တွင် သိရသည်။
FMI,MTSH နှင့် MCB စသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီသုံးခု၏ ဇန်န၀ါရီ ၁၉ ရက်အထိ အရောင်းအ၀ယ်ဖြစ်မှုမှာ ကျပ်သိန်း ၃၉၀၀ ခန့်သာ ရှိသည်အထိ ကျဆင်းခဲ့ရာမှာ ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမပုဂ္ဂလိကဘဏ် ပါဝင်လာသည့် အရောင်းအ၀ယ်ဖြစ်ရက် ငါးရက်အတွင်း စာရင်းဝင်ကုမ္ပဏီလေးခုမှ ကျပ် ၁ ဒသမ ၅၆ ဘီလျံခန့်အထိ အရောင်းအ၀ယ် ပြန်လည်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည့် ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာတန်ဖိုးမှာ စတင်ရောင်းချသည့် လေးရက်အတွင်း အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၃၄၀၀၀၊ ဇန်န၀ါရီ ၂၅ ရက် ကျပ် ၃၃၅၀၀ သို့ ရောက်ရှိပြီးနောက် ဇန်န၀ါရီ ၂၆ ရက်တွင်လည်း အဖွင့်ဈေးတွင် ကျပ် ၃၂၅၀၀ အထိ ကျဆင်းခဲ့ကာ အပိတ်ဈေးတွင်မူ ကျပ် ၃၃၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အလားတူပင် FMI ရှယ်ယာသည်လည်း ဇန်န၀ါရီ ၂၆ ရက်အဖွင့်ဈေးတွင် ရှယ်ယာတစ်စု ကျပ် ၁၃၅၀၀ သို့ ကျဆင်းရာမှ အပိတ်ဈေးတွင် ကျပ် ၁၄၀၀၀ သို့ ပြန်လည် မြင့်တက်ခဲ့သည်။
သီလ၀ါရှယ်ယာမှာလည်း ၂၀၁၆ နိုဝင်ဘာ ၄ ရက်တွင် ရှယ်ယာခွဲစိတ်ပြီးနောက် ကျပ် ၅၃၀၀ အထိ မြင့်တက်ခဲ့သော်လည်း ဇန်န၀ါရီ ၂၆ ရက်တွင်မူ အနိမ့်ဆုံးဈေးအဖြစ် ကျပ် ၄၀၀၀ သို့ ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံသားများဘဏ် ရှယ်ယာသည်လည်း ကျပ် ၈၉၀၀ သို့ ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် လစဉ် ရှယ်ယာ အရောင်းအ၀ယ်ဖြစ်ပေါ်နေမှုမှာ မတ်လတွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီတစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေလ ၂၀ ရက်တွင် သီလ၀ါရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခုဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်၂၆ ရက် တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီ လျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။
အောက်တိုဘာလတွင် သီလ၀ါရှယ်ယာများ ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာသဖြင့် ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာလတွင်မူ အရောင်းအ၀ယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလျံခန့်သာ ရှိခဲ့ပြီး ဒီဇင်ဘာလတွင် ကျပ် ၁ ဒသမ ၆ ဘီလျံကျော်သာ အရောင်းအ၀ယ်ဖြစ်ပေါ်သဖြင့် စတော့အိတ်ချိန်းစတင်သည့် ၁၀ လအတွင်း ရောင်းအားကျဆင်းမှု အဆိုးဆုံး ဖြစ်ပေါ်ခဲ့သည်။
Credit: Eleven Media Group