မက္ကဆီကိုနိုင်ငံသား၊ ခွေးကျွမ်းကျင်ပညာရှင် ဆီဇာ မီလန်က လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆီဇာမီလန်သည် Dog Whisperer with Cesar Millan အမည်ရှိ ရုပ်သံအစီအစဉ်ဖြင့် နာမည်ကျော်ခဲ့သူ ဖြစ်သည်။
အဆိုပါရုပ်သံအစီအစဉ်ကို ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ထုတ်လွှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်တွင် ထုတ်လွှင့်ခဲ့သည်အထိ အောင်မြင်မှုရခဲ့သည်။
ရောင်းချမည့်နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ၊ Studio City တွင်တည်ရှိသည်။
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည့် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁၇၉၉၉၉၉ ဖြင့် ရောင်းချမည်ဟု ဆိုသည်။
နေအိမ်အကျယ်အဝန်း ၃၈၀၉ စတုရန်းပေ ကျယ်ဝန်းပြီး ၂၀၁၂ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နေအိမ်ရှေ့ ခြံဝန်းကွက်လပ်ကို စိမ်းလန်းလှပစွာ မြေယာအလှပြင်ဆင်ထားပြီး ရေတံခွန်တစ်ခုလည်း ပါဝင်သည်။နေအိမ်တံခါးမှ ဝင်လိုက်သည်နှင့် ဧည့်ခန်းဆောင်ကို တွေ့ရမည်ဖြစ်ပြီး မီးလင်းဖိုတစ်ခုလည်း တွေ့ရမည် ဖြစ်သည်။
ကြီးမားကျယ်ပြန့်သည့် အဝတ်အစားထားသိုခန်းနှစ်ခုပါဝင်ပြီး စိတ်ကူးယဉ်ဖွယ်ရာကောင်းသည့် သီးသန့်လသာဆောင်တစ်ခုလည်း ပါဝင်သည်ဟု ဆိုသည်။
ခြံဝန်းအတွင်းတွင် မီးလင်းဖိုတစ်ခုနှင့် ရေကူးကန်တို့ ပါဝင်သည်။
ယခုနေအိမ်ကို ရောင်းချပြီးဆီဇာမည်သည့်နေရာသို့ ပြောင်းရွှေ့မည်ဟူသည်ကို မသိရသေးသော်လည်း ဇနီးလောင်း ဂျဟီရာ ဒါးက အတည်ပြုသည့်တစ်နေရာရာသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)